၎င်းသမ္မတဖြစ်လာပါက ကင်မ်ဂျုံအန်းနှင့် ဆွေးနွေးရန် အသင့်ဟု ထရမ့်ပြောကြား

46968496874998

မိမိသာ အမေရိကန်သမ္မတ ဖြစ်လာပါက မြောက်ကိုရီးယားနှင့် ဆွေးနွေးရန် တံခါးဖွင့်သွားမည်ဟု ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့သည်။

၎င်းက မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် စီမံကိန်းများကို ထိန်းချုပ်ရန်အတွက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းနှင့် တိုက်ရိုက် ဆွေးနွေး သွားရန် ဆန္ဒရှိကြောင်း ဆိုသည်။ ထရမ့်သည် လာမည့် ရွေးကောက်ပွဲတွင် ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် ယှဉ်ပြိုင်ခွင့် ရရန် အလားအလာ ကောင်းနေသူ ဖြစ်သည်။

ကင်မ်အပေါ် ၎င်း၏သဘောထားကို မေးမြန်းချိန်၌ မီဒီယာလုပ်ငန်းရှင် ဘီလီယံနာသူဌေးကြီးက “ကျွန်တော် သူနဲ့ စကားပြောမှာပါ။ သူနဲ့စကားပြောဖို့ ကျွန်တော့် အတွက် ဘာပြဿနာမှ မရှိဘူး”ဟု ဖြေကြားခဲ့သည်။ ထရမ့်သာ အမေရိကန်သမ္မတ ဖြစ်လာပြီး အမှန်တကယ် ကင်မ်နှင့် တိုက်ရိုက်ဆွေးနွေးဖြစ်ပါက အထီးကျန် ကွန်မြူနစ် နိုင်ငံနှင့် ပတ်သက်ပြီး အမေရိကန်၏ နိုင်ငံခြားရေးမူဝါဒတွင် အံ့အားသင့်ဖွယ် အချိုးအကွေ့တစ်ခုအဖြစ် မှတ်ယူရမည် ဖြစ်သည်။

ရွေးကောက်ပွဲတွင် ထရမ့်၏ အဓိကပြိုင်ဘက် ဖြစ်လာဖွယ်ရှိသူ ဒီမိုကရက်သမ္မတလောင်း ဟီလာရီကလင်တန်ကမူ ထရမ့်၏ နိုင်ငံခြားရေးမူဝါဒများသည် စိတ်ကူးယဉ်ဆန်လွန်းကြောင်း ဝေဖန်ခဲ့သည်။ သူမ၏ ကိုယ်စားလှယ်တစ်ဦးက ထုတ်ပြန်သော ကြေညာချက် တစ်ရပ်တွင် ထရမ့်၏ စကားများသည် လုံးဝ အဓိပ္ပါယ် ကင်းမဲ့နေကြောင်း ကလင်တန်က စွပ်စွဲထားသည်။

Reutersနှင့် အင်တာဗျူးတစ်ခုတွင် ထရမ့်က မြောက်ကိုရီးယားနှင့် ပတ်သက်၍ သဘောထားကို ထိုကဲ့သို့ ထုတ်ပြောခဲ့ခြင်း ဖြစ်သည်။ ထရမ့်သည် လက်ရှိ အမေရိကန်၏ မူဝါဒပိုင်းနှင့် ပတ်သက်၍ လုံးဝဂရုစိုက်ဟန်မရှိဘဲ ရုရှားသမ္မတ ဗလာဒီမာ ပူတင်သည် မိမိလေးစား သဘောကျသူ တစ်ဦးဟုလည်း မကြာသေးမီက ပြောကြားခဲ့ သေးသည်။

-Ref: Reuters


Leave a Reply