ထိုင်းနိုင်ငံရှိ အပန်းဖြေ ကျွန်းတစ်ကျွန်းကို ကမ္ဘာလှည့် ခရီးသည်များ သွားရောက်ခွင့် ပိတ်ပင်

453.453747

ထိုင်းနိုင်ငံရှိ အပန်းဖြေ ကျွန်းတစ်ကျွန်းကို ကမ္ဘာလှည့် ခရီးသည်များ သွားရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။ ခိုတာချိုင်ကျွန်းသို့ ကမ္ဘာလှည့် ခရီးသွားများ သွားရောက်ခြင်းကြောင့် သဘာဝ အရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ဆိုသည်။ အဆိုပါ ကျွန်းသည် ဖန်ငါဒေသရှိ ဆီမီလန် အမျိုးသားဥယျာဉ် နယ်နိမိတ်တွင် ပါဝင်နေသည်။

ပုံမှန်အားဖြင့် မုတ်သုံရာသီဥတုဖြစ်သည့် မေလလယ်မှ အောက်တိုဘာလလယ်ထိ ထိုင်း၏ သဘာဝ အဏ္ဏဝါ အမျိုးသား ဥယျာဉ်များကို ပိတ်ထားလေ့ ရှိသော်လည်း ခိုတာချိုင် ကျွန်းကိုမူ လုံးဝ ပြန်ဖွင့်တော့မည် မဟုတ်ဟု Bangkok Post သတင်းစာက ဖော်ပြခဲ့သည်။

ဆီမီလန် အမျိုးသား ဥယျာဉ်သည် အပျော်တမ်းနှင့် ပရော်ဖက်ရှင်နယ် ရေငုပ်သမားများကြား အလွန်ထင်ရှားသည့် နေရာ တစ်ခုလည်း ဖြစ်သည်။ ခိုတာချိုင် ကျွန်းအနီးတွင် ရေငုပ်ခွင့် မရှိတော့သော်လည်း အနီးအနားရှိ ရေငုပ် နိုင်သော နေရာအချို့ကိုမူ ဆက်၍ ဖွင့်လှစ်ထားမည်ဟု သိရသည်။

“ကျွန်းနဲ့ ပင်လယ်တွင်း သဘာဝ ပတ်ဝန်းကျင်ကို အကြီးအကျယ် ထိခိုက်မှုတွေ ရှိလာနိုင်တာကြောင့် ပိတ်ပစ်ခဲ့တာပါ။ ပျက်စီးမှုတွေ အဖတ်ဆယ်မရတဲ့ အခြေအနေထိ ဆိုးမလာခင် အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်”ဟု အမျိုးသား ဥယျာဉ်များ၊ သားရိုင်းတိရစ္ဆာန်နှင့် သဘာဝပေါက်ပင်များ ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူး တူညာ နီတီသမ် မာကူလ်က ပြောကြားခဲ့သည်။

ဒေသတွင်း မီဒီယာများ၏ အဆိုအရ ခိုတာချိုင်ကျွန်း၏ အရွယ်အစားသည် လူပေါင်း ၇၀ မျှသာ နေထိုင်ရန် သင့်တော် သော်လည်း ရံဖန်ရံခါတွင် ကမ္ဘာလှည့် ခရီးသည်များ ထူထပ်နေပါက လူ ၁၀၀၀ ကျော်ထိ ရှိနေတတ်ကြောင်း သိရှိရသည်။

-Ref: Bangkok Post


Leave a Reply