စိတ်ဖိစီးမှုကို သက်သာစေတဲ့ သဘာဝမွှေးရနံ့လေးများ

13230111_1101340786596438_583500757159589653_n

စိတ်ဖိစီးမှုဟာ ရှောင်လွှဲရခက်တဲ့အရာတစ်ခုပါ။ အိပ်ရေးမဝခြင်း၊ အလုပ်များခြင်း၊ စိတ်ပူပန်ရခြင်းစတဲ့ အကြောင်းအရာ များစွာကြောင့် စိတ်ဖိစီးကြရပါတယ်။ များသောအားဖြင့် လူအတော်များများဟာ စိတ်ဖိစီးမှုကို တုံ့ပြန်နည်းတွေ လွဲမှားတတ်ကြပြီး စိတ်သက်သာရာမရနိုင်ပဲ ပိုမိုပြီးဆိုးဝါးစွာ စိတ်ဖိစီးလာတတ်ကြပါတယ်။ ဥပမာ – ပြဿနာတစ်ရပ်ကြောင့် စိတ်ဖိစီးရပါက ထိုပြဿနာကိုပဲ အမြဲတွေးနေပြီး ပိုမိုစိတ်ဖိစီးလာစေခြင်းမျိုး ဖြစ်ပါတယ်။ တကယ်တော့ စိတ်ဖိစီးလာတဲ့အခါ ထိုစိတ်ကို အရင်ပြေလျော့သက်သာစေပြီးမှ လုပ်သင့်တာကို စိတ်အေးအေးထား စဉ်းစား လုပ်ဆောင်သင့်ပါတယ်။ စိတ်ဖိစီးမှုကို ပြေလျော့သက်သာစေတဲ့ သဘာဝ မွှေးရနံ့ လေးတွေကို ဖော်ပြပေးလိုက် ပါတယ်။
နှင်းဆီပန်းရနံ့ – ရနံ့သင်းတဲ့ နှင်းဆီပန်းလေးတွေကို နမ်းလိုက်တာနဲ့ စိတ်ချမ်းသာသွားတာမျိုး ခံစားဖူးကြမှာပါ။ လှပတဲ့ပန်းလေးတွေကို ကြည့်ရုံနဲ့တင် ကြည်နူး စရာကောင်းလှပါတယ်။ ဒါကြောင့် စိတ်တင်းကျပ်ပင်ပန်းနေတဲ့ အခါမျိုးမှာ နှင်းဆီပန်းလေးတွေဝယ်ပြီး ပန်းအိုးထိုးကာ အလုပ်စားပွဲမှာ တင်ထားခြင်း၊ နှင်းဆီ ပန်းလေးကို နမ်းခြင်းဖြင့် စိတ်သက်သာရာရနိုင်ပါတယ်။ သိပ်အနံ့မပြင်းတဲ့ နှင်းဆီရနံ့စစ်စစ်ရေမွှေး၊ ကိုယ်လိမ်းအလှဆီစတာတွေကို သုံးခြင်းဖြင့်လည်း စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။ အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ပန်းပွင့်လေးများရဲ့ သဘာဝအလှအပ နဲ့ သဘာဝရနံ့ကို ခံစားသင့်ပါတယ်။

စံပယ်ပန်းရနံ့ – အားလုံးသိကြတဲ့အတိုင်း စံပယ်ပန်းလေးတွေကတော့ လူတိုင်းအသည်းစွဲချစ်စဖွယ် ပန်းလေးတွေပါပဲ။ စံပယ်ပန်းကုံး၊ စံပယ်ပန်းခက်လေးတွေကို နေရာတိုင်းမှာ အလွယ်တကူဝယ်ယူ ရနိုင်ပါတယ်။ ကားလမ်းမပေါ် ရောင်းကြသလို ညနေဘက်တွေမှာလည်း ရပ်ကွက်ထဲ စက်ဘီးနဲ့ လိုက်ရောင်းတာတွေ့ရပါတယ်။ ဈေးလည်း သက်သာပြီး ဖြူစင်မွှေးပျံ့တဲ့ စပယ်ပန်းက စိတ်ဖိစီးမှုကို အတော်အတန်သက်သာစေမှာဖြစ်ပါတယ်။

လိမ္မော်သီးရနံ့ – လိမ္မော်သီးခွံရဲ့ရနံ့ဟာ စိတ်ဖိစီးမှုကို အထူးသက်သာစေသလို လိမ္မော်သီးကို စားခြင်းဖြင့်လည်း ဦးနှောက်လုပ်ငန်းစဉ်များ ရှုပ်ထွေးနေမှုကို သက်သာ စေတယ်လို့ဆိုပါတယ်။ စိတ်ဖိစီးနေရင်တော့ လိမ္မောသီးခွံလေး ကိုနမ်းပြီး လိမ္မော်သီးစားလိုက်ပါ။ အတော်လေးသက်သာသွားတာ တွေ့ရပါလိမ့်မယ်။

သံပုရာသီးရနံ့ -သံပုရာရနံ့ဟာလည်း စိတ်ကိုအေးချမ်းစေတဲ့အတွက် air fresher တွေကို သံပုရာနံ့နဲ့ ထုတ်လုပ်ကြတာကို တွေ့ဖူးကြမှာပါ။ မွှေးချိုအီတဲ့ အနံ့မျိုး မဟုတ်ပဲ လန်းဆန်းတဲ့ရနံ့မျိုးကို ဖန်တီးပေးနိုင်လို့ သံပုရာရနံ့ရေချိုး ဆပ်ပြာရည်ဖြင့် ရေချိုးလိုက်ပါက စိတ်ဖိစီးမှုတွေ အတော်လေး သက်သာသွားပါလိမ့်မယ်။ သဘာဝစစ်စစ်သံပုရာ ရည်ကတော့ အကောင်းဆုံးစိတ် လန်းဆန်းစေတဲ့ ဖျော်ရည်တစ်မျိုးပေါ့။

ကော်ဖီရနံ့ – ကော်ဖီရနံ့ကို ကော်ဖီသောက်သူဖြစ်စေ မသောက်သူဖြစ်စေ နှစ်သက်ကြပါတယ်။ မွှေးပျံ့နေတဲ့ ကော်ဖီရနံ့ဟာစိတ်ကို လန်းဆန်းတက်ကြွစေပြီး အစာစားချင်စိတ်ကို ဖြစ်စေတာကြောင့် စိတ်ဖိစီးပြီးအစားအသောက် ပျက်နေသူတွေအတွက်ပါ အကျိုးရှိစေတဲ့ရနံ့ပါ။ ဒါကြောင့် စိတ်တင်းကျပ်နေတဲ့အခါ ကော်ဖီပူပူ လေး တစ်ခွက် ဖျော်သောက်လိုက်ပါ။ ကော်ဖီရှောင်သူများကတော့ ကော်ဖီကို ဖျော်ပြီးတစ်ငုံလောက်သောက်ကာ ရနံ့ကိုရှူရှိုက ကြည့်လိုက်ပါ။ စိတ်တွေ လန်းဆန်း သွားတာတွေ့ရမှာပါ

Photo – tumblr, shortday,proflower   စံဝန်းနီ (ရိုးရာလေး)


Leave a Reply