နေပြည်တော် လုံခြုံရေး ၂၄ နာရီစောင့်ကြည့်ရန် ကင်မရာလေးလုံးတပ်ရန် ကျန်တော့ဟုဆို

13081804_1136480829709399_320826700_n

နပြည်တော်ကောင်စီနယ်မြေတွင် မှုခင်းကိစ္စများ စောင့်ကြည့်ဆောင်ရွက်ရန် စီစီတီဗီလုံခြုံရေးကင်မရာ လေးလုံးသာ တပ်ဆင်ရန်ကျန်ရှိကြောင်း နေပြည်တော်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

နေပြည်တော်တွင် လုံခြုံရေးအတွက် လုံခြုံရေးကင်မရာ စောင့်ကြည့်ရေးဌာနက ၂၄ နာရီ စောင့်ကြည့်ရန် စီစီတီဗီကင်မရာ ၅၁ လုံးတပ်ဆင်ရန် စီစဉ်ဆောင်ရွက်နေသည်။

‘‘လက်ရှိအနေနဲ့ မြို့နယ် ငါးမြို့နယ် (ဒက္ခိဏသီရိ၊ ဇမ္ဗူ သီရိ၊ ဥတ္တရသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား) ကင်မရာ ၅၁ လုံး တပ်ဆင်ဖို့ လျာထားပါတယ်။ ၄၇ လုံးက တပ်ဆင်ပြီးဖြစ်ပါတယ်။ တပ်ဆင်ဖို့ကျန်တာက လေးလုံးပဲ ကျန်ပါတော့တယ်’’ ဟု ရဲမှူးကြီး ကိုကိုအောင်က ပြောသည်။

ကောင်စီနယ်မြေအတွင်း စီစီတီဗီကင်မရာများအား ဒက္ခိဏသီရိမြို့နယ်တွင် ၁၇ လုံး၊ ဇမ္ဗူသီမြို့နယ်တွင် ၂၂ လုံး၊ ဥတ္တရသီရိ မြိုနယ်တွင်လေးလုံး၊ ပုဗ္ဗသီရိမြို့နယ်တွင်လေးလုံး၊ ပျဉ်းမနားမြို့နယ်တွင် လေးလုံးဖြင့် တပ်ဆင်ရန် စီစဉ်ထားခြင်းဖြစ်သည်။

‘‘လုံခြုံရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းတွေဖြစ်တဲ့ စီစီတီဗီတွေ တိုးချဲ့တပ်ဆင်တာရှိတယ်။ မြို့ဝင်ဂိတ်တွေ၊ ကားရပ် နားစခန်းတွေမှာလည်း လုံခြုံရေးတွေ တိုးမြှင့်ဆောင်ရွက်တာရှိပါတယ်။ အလားတူပဲ မူးယစ်ဆေးဝါးဖမ်းဆီးမှုဆိုရင်လည်း မူးယစ်တပ်ဖွဲ့နဲ့ပေါင်းပြီးတော့ စီမံချက်တွေချပြီးတော့ တိုးမြှင့်ဖမ်းဆီးနေတာတွေရှိပါတယ်’ ’ဟု ရဲမှူးကြီး ကိုကိုအောင်က ဆက်လက်ပြောကြားသည်။

နေပြည်တော်ကောင်စီနယ်မြေတွင် မှုခင်းကိစ္စရပ်များနှင့် ပတ်သက်၍ ရဲမှူးကြီးကိုကိုအောင်အား မေးမြန်းရာ ‘‘အမှုကြီးတွေ ဆိုရင်လည်း တစ်နှစ်မှာ ၇၀ ပတ်ဝန်းကျင်လောက်ပဲရှိတယ်။ နေပြည်တော်မှာက တခြားကြီးကြီးမားမား စိုးရိမ်ရတဲ့အပိုင်း တော့မရှိပါဘူး’’ ပြန်လည်ဖြေကြားသည်။

7 Day Daily


Leave a Reply