ဂျီ-၇ ပတ်ဝန်းကျင်ရေးရာဝန်ကြီးများ ဂျပန်၌ တွေ့ဆုံ

13217085_1707443602829474_3102692115530807542_o

တိုကျို မေ ၁၅

ဂျီ-၇ အဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင် ရေးရာဝန်ကြီးများသည် ဂျပန်သို့ရောက် ရှိကာ နှစ်ရက်ကြာ အစည်းအဝေးကို ကျင်းပကြသည်။ ရာသီဥတုပြောင်းလဲမှု ဆိုင်ရာနှင့် သယံဇာတ အရင်းအမြစ်များ ပြန်လည်သုံးစွဲရေးဆိုင်ရာ အစီအစဉ် များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

ယင်းတွေ့ဆုံမှုကို ပထမအကြိမ် အဖြစ် ပြီးခဲ့သော ခုနစ်နှစ်က ဂျပန် ပင်လယ်ပြင် ကမ်းရိုးတန်းဒေသ တိုယာမာမြို့၌ စတင်ကျင်းပခဲ့ဖြစ်သည်။ ယခုအကြိမ်သည် ဂျပန် နိုင်ငံအလယ်ပိုင်း အိုက်စ်ရှီးမားဒေသ၌ မေ ၂၆ ရက်မှ ၂၇ ရက် အထိ ဂျီ-၇ အစည်းအဝေးအကြို ကျင်းပခြင်းဖြစ်သည်။

ဂျပန်ပတ်ဝန်းကျင်ရေးရာဝန်ကြီး တာမာယိုမာရူကာဝါက အစည်းအဝေး ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဂျီ-၇ နိုင်ငံများအနေဖြင့် ပတ်ဝန်းကျင်ရေး ရာမူဝါဒများ ပါဝင်ပူးပေါင်းချမှတ်စေလိုကြောင်း မျှော်လင့်ကြောင်း ၄င်းက ပြောခဲ့သည်။ အစည်းအဝေးသည် ကမ္ဘာကြီးပူနွေးလာမှုအပေါ် ဖြေရှင်းရန် ကာလရှည် မဟာဗျူဟာများ ချမှတ်သွားရေးကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

က္ဘာပေါ်ရှိ နိုင်ငံများသည် ပြီးခဲ့သော ဒီဇင်ဘာလက ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံမှ ချမှတ် ရေးဆွဲထားသော ပါရီ သဘောတူညီချက်များနှင့် အညီ လိုက်ပါ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေးပထမနေ့၌ ဝန်ကြီးများသည် ၄င်းတို့နိုင်ငံအသီးသီးရှိ အရင်းအမြစ်များကို မည်ကဲ့သို့ ပြန်လည် အသုံးပြုမည့်အပေါ် တင်ပြဆွေးနွေးသွားကြမည်ဖြစ်ပြီး စွန့်ပစ် ပစ္စည်း အရင်းအမြစ်များကို ပြန်လည် ပြုပြင်အသုံးချရန် လိုအပ်နေမှုသည် တစ်ကမ္ဘာလုံးနှင့် ဆိုင်သည့် ပြဿနာ တစ်ရပ်ဖြစ်နေသည်။

ဝန်ကြီးများသည် အစီအစဉ်၏ ပူးတွဲကြေညာချက်ကို ယနေ့ထုတ်ပြန် ရန် စီစဉ်ထားကြောင်း သိရသည်။

Myanmaalin

(အင်န်အိတ်ခ်ျကေ)


Leave a Reply