ရေငုပ်သင်္ဘောဖျက် ရုရှားအကြီးစားစစ်သင်္ဘော မြန်မာနိုင်ငံသို့ ငါးရက်ကြာ ချစ်ကြည်ရေးခရီးလာမည်

13081804_1136480829709399_320826700_n

ရုရှားနိုင်ငံမှ ရေငုပ်သင်္ဘောဖျက် Admiral Vinogradovis အမည်ရှိ အကြီးစားစစ် သင်္ဘောတစ်စီးသည် သီလ၀ါ ဆိပ်ကမ်းသို့ မေလ (၁၈) ရက်တွင် ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း ရုရှားသံရုံးက သတင်း ထုတ်ပြန် သည်။

နိုင်ငံစစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအရ ရုရှားနှင့် မြန်မာနိုင်ငံကြား ချစ်ကြည်ရင်းနှီးရန်နှင့် အပြန်အလှန် လေးစားမှုရှိရန် ရည်ရွယ်၍ လာရောက်လည်ပတ်ခြင်းဖြစ်ကာ မေလ (၁၈) ရက် မှ (၂၂) ရက်အထိ သီလ၀ါဆိပ်ကမ်း တွင် ဆိုက်ကပ်ထားမည်ဖြစ်ပြီး မေလ (၁၉) ရက် ညနေ (၃) နာရီ မှ (၆) နာရီထိနှင့် မေလ (၂၁) ရက်၌ နံနက် (၁၀) နာရီမှ ညနေ (၄) နာရီအထိ သင်္ဘောပေါ်သို့ လာရောက်လည်ပတ်ခွင့်ပြုမည်ဖြစ်သည်။

အဆိုပါသင်္ဘောသည် အမေရိကန်၊ ဂျပန်၊ ဗီယက်နမ်၊ သီရိလင်္ကာ၊ တရုတ်၊ အင်ဒိုနီးရှား၊ ကိုရီးယား၊ ကမ္ဘောဒီးယားနှင့် စင်ကာပူနိုင်ငံများတွင်လည်း ချစ်ကြည်ရေးခရီး အလည်အပတ်သွားရောက်ခဲ့ကာ စင်ကာပူနှင့် ဘရူနိုင်းနိုင်ငံတို့၌ ရေကြောင်းလုံခြုံရေးဆိုင်ရာနှင့် အကြမ်းဖက် တိုက်ဖျက်မှုလေ့ကျင့်ရေးများတွင် ပါဝင်ခဲ့ကြောင်း ရုရှားသံရုံးက ထုတ်ပြန် ကြေညာသည်။ သင်္ဘောသည် အရှည် ၁၆၃ မီတာရှိပြီး သင်္ဘောသား ၃၀၀ ကျော်ပါဝင်သည်ဟု သိရသည်။

မြန်မာ-ရုရှား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို မေလ (၁၀) ရက်တွင် လက်မှတ်ရေး ထိုးနိုင်ရန် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့သည်။

အဆိုပါသဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးခြင်းဖြင့် စစ်ရေးဆိုင်ရာ သဘောထားအမြင်နှင့် သတင်းအချက် အလက်များ ဖလှယ်နိုင်ခြင်း၊ အပြန်အလှန် ယုံကြည်မှုခိုင်မာစေခြင်း၊ နိုင်ငံတကာလုံခြုံရေးနှင့် အကြမ်းဖက်မှု နှိမ်နင်း ရေးဆောင်ရွက်ခြင်းများ တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များတွင် သဘောထားအမြင်နှင့် သတင်းအချက်အလက်များ ဖလှယ်နိုင်ခြင်းနှင့် ဆောင်ရွက်နိုင်ရေးတို့ ပါကြောင်း လွှတ်တော်ဆွေးနွေးချက်များအရ သိရသည်။

7 Day Daily


Leave a Reply