လွှတ်တော်ကိုယ်စားလှယ်များ လာဘ်ပေးလာဘ်ယူပြုလုပ်ကြောင်း အထောက်အထား ခိုင်လုံစွာဖြင့် တိုင်ကြားလာပါက စိစစ်အရေးယူမည်
လာဘ်ပေးလာဘ် ယူပြုလုပ်ကြောင်း သက်သေအ ထောက်အထားခိုင်လုံစွာဖြင့် အတိုင်ကြားခံရသည့် လွှတ်တော် ကိုယ်စားလှယ်ရှိလာပါက စိစစ်ပြီးဖြစ်စဉ် မှန်ကန်လျှင် ဥပဒေကြောင်းအတိုင်း အရေးယူမည်ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်ကြားစာများဌာန တာဝန်ခံ ဒေါက်တာမျိုးညွန့်က ပြောသည်။
‘‘ကျွန်တော်တို့ကို သက်သေအထောက်အထားခိုင်ခိုင်လုံလုံနဲ့ တိုင်ဖို့လိုပါတယ်။ အဲဒီကျရင် လွှတ်တော်ကိုယ်စားလှယ် ဖြစ်တဲ့အတွက် သူ့ကိုတရားစွဲဖို့ လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုဖို့လိုပါတယ်။ ခွင့်ပြုချက်ရရင် တရားစွဲဆိုတာလုပ်မှာပါ’’ ဟု ဒေါက်တာမျိုးညွန့် က ဆိုသည်။
လက်ရှိအချိန်ထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ လာဘ်ပေးလာဘ်ယူပြုလုပ်ကြောင်း တိုင်တန်းလာသည့် တိုင်စာမျိုးမရှိသေးသော်လည်း လူမှုဆက်ဆံရေး ရိုင်းပျကြောင်း တိုင်တန်းမှုမျိုးရှိနေသည်ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။
ရွေးကောက်ပွဲအကြိုကာလကတည်းကပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ဒီချုပ်လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တွေ့ဆုံကာ လာဘ်ပေး လာဘ်ယူမှု၊ အဂတိတရားလိုက်စားမှုမပြုလုပ်ရန် အထူးမှာကြားထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်က စတင်ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်ကြားစာဌာနသည် စတင် ဖွင့်လှစ်ချိန်မှစကာ လက်ရှိမေလအထိ တိုင်စာပေါင်း ၁၇ စောင် လက်ခံရရှိထားပြီး စိစစ်လျက်ရှိကြောင်း သိရသည်။
ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူများနှင့် ဆက်ဆံဆောင်ရွက်ရာတွင် အဆင်မပြေမှုများရှိပါက တိုင်ကြားနိုင်ရန် ပါတီ၏တိုင်ကြားစာဌာနဖွင့်လှစ်ထားပြီး ယင်းဌာနကိုပါတီ အရန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်အားတာဝန်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
7 Day Daily