ရိုမေးနီးယားတွင် အမေရိကန်တို့၏ ဒုံးကျည်ကာကွယ်ရေး စခန်း ထားရှိခြင်းက နျူကလီးယားသဘောတူစာချုပ်ကို ချိုးဖောက်ခြင်းဟု ရုရှ ပြော

putin-obama

မေ ၁၃ ။              ။ ရိုမေးနီးယားနိုင်ငံတွင် အမေရိကန်၏ ဒုံးကျည် ကာကွယ်ရေး စခန်း လာရောက်ထားရှိမှုက ရုရှ-အမေရိကန် နျူကလီးယားသဘောတူစာချုပ်ပါ အချက်များကို ချိုးဖောက်ခဲ့ခြင်းဖြစ်ကြောင်း ရုရှ အစိုးရက ပြောကြားလိုက်သည်။

အလယ်အလတ်အဆင့် နျူကလီးယားလက်နက် တပ်ဆင်နိုင်သော ဒုံးကျည်များထုတ်လုပ် တပ်ဆင်မှုကို တားမြစ်ထားသည့် စာချုပ်ပါ အချက်အလက်များကို အမေရိကန်တို့ဘက်က ချိုးဖောက်လိုက်ခြင်းဖြစ်သည်ဟု ရုရှက စွပ်စွဲပြောကြားလိုက်ခြင်း ဖြစ်သည်။

ရိုမေးနီးယားနိုင်ငံတောင်ပိုင်းတွင် ဒုံးကျည် ကာကွယ်ရေးအခြေစိုက် စခန်းတစ်ခု ထားရှိသွားတော့မည်ဟု အမေရိကန် နှင့်နေတိုး တပ်ဖွဲ့တို့က မေလ ၁၂ ရက်က ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ ရုရှဘက်မှ တုန့်ပြန် လိုက်ခြင်းဖြစ်သည်။

” အမေရိကန် တို့ရဲ့ ဒီလိုမျိုး လုပ်ဆောင်တာကိုတော့ ၁၉၈၇ ခုနှစ်က ချုပ်ဆိုထားတဲ့ နျူလက်နက် သဘောတူစာချုပ်ပါ အဓိကအချက်တွေကို ချိုးဖောက်လိုက်တာပဲလို့ ကျွန်မတို့ဘက်က ရှုမြင်ပါတယ်” ဟု ရုရှ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မစ္စ မာရီယာ ဇာခါရိုဗာက ပြောကြားသွားသည်။

အမေရိကန်တို့၏ ယခု ဒုံးကျည်ကာကွယ်ရေးစနစ်မှာ မော်စကို၏ နျူကလီးယား လက်နက် စွမ်းရည်ကို အားလျော့သွားစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ရုရှအစိုးရက ဆိုသည်။

သို့ရာတွင်လည်း အမေရိကန်ဘက်ကမူ ယခု ဒုံးကျည်စနစ်မှာ ရုရှကို တိုက်ရိုက်ရည်ရွယ်ကာ ထားရှိထားခြင်း မဟုတ်ကြောင်း ပြန်လည် ချေပပြောဆိုသွားသည်။

 Mizzima


Leave a Reply