မြစ်ကမ်းပြိုအန္တရာယ်စိုးရိမ်ရသည့် ကျေးရွာခုနစ်ရွာတွင် ကာကွယ်ရေးလုပ်ဆောင်မည်

မန္တလေးတိုင်း၊ ဧရာဝတီမြစ်ကမ်းဘေးရှိ အရေးပေါ်ကမ်းပြို ကာကွယ်ရေးပြုလုပ်ရန် လို အပ်သည့် ကျေးရွာ ခုနစ်ရွာကို ရက် ၁၀၀ စီမံချက်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

ကမ်းပြိုကာကွယ်ရန် စုစု ပေါင်းကျပ်သိန်း ၄၂၀ ခန့်ကုန်ကျမည်ဟု ခန့်မှန်းထားကြောင်း မန္တလေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သတင်းရရှိသည်။

ကမ်းပါးပြိုကာကွယ်ရေးအ တွက် တိုင်းအစိုးရ၏ အရေးပေါ် ကမ်းပြိုကာကွယ်ရေးရန်ပုံငွေ ကျပ်သိန်း ၁,၅၀၀ ထဲမှ အသုံးပြုမည်ဖြစ်ကာ ကမ်းပါးပြိုကာကွယ်ခြင်းကို ကျေးရွာ နှစ်ရွာတွင် ၂၀၁၆ မေလ ၄ ရက်မှစတင်နေပြီးကျေးရွာ ခုနစ်ရွာတွင် ဇွန်လကုန် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း အထက်ပါဌာနတိုင်းဦးစီးမှူး ဦးတိုးအောင်လင်းက ပြောသည်။

‘‘နှစ်တိုင်းဒီရွာတွေက ကမ်း ပြိုအန္တရာယ်စိုးရိမ်ရဆုံး ရွာ ခုနစ် ရွာကို ဦးစားပေးလုပ်ထားတာပါ။ ဇွန်လဆန်းဆိုရင် နှစ်စဉ်မြစ်ရေစ တက်တဲ့အချိန်၊ အရင်နှစ်က ဒီ ဘတ်ဂျက်မရှိဘူး။ ဒီနှစ်မှ ပထမ ဆုံးရတဲ့ ဘတ်ဂျက်ကို လိုအပ်တဲ့ ကျေးရွာတွေအတွက် ဦးစားပေး ကြိုတင်ကာကွယ်ပြီး လုပ်တာပါ’’ ဟု ဦးတိုးအောင်လင်းက ပြော သည်။

ပုသိမ်ကြီးမြို့နယ်ရှိ ကျွန်း ဆင်ကျေးရွာနှင့် မတ္တရာမြို့နယ်ရှိ ဆင်ကျွန်းကျေးရွာတို့ကို ကမ်းပြို ကာကွယ်ရေး စတင် လုပ်ဆောင်နေပြီး စဥ့်ကူးမြို့နယ်မှ ဆီသည်၊ ဟင်္သာမ၊ မတ္တရာမြို့နယ်မှ သူဌေးကုန်းရွာ၊ ကုန်းတန်း၊ ပုသိမ်ကြီး မြို့နယ်မှ ချိုင့်ကြီးရွာစသည့် မြို့နယ်သုံးမြို့နယ်မှ စုစုပေါင်းကျေးရွာ ခုနစ်ရွာတို့ကို အရေးပေါ်ကမ်းပြိုကာကွယ်ရေး လုပ်ဆောင်မည် ဖြစ်သည်။

‘‘ဒီကျေးရွာတွေကို အကောင်းဆုံးကာကွယ်ရေးဖြစ်တဲ့ SteelCable Groyne နဲ့ လုပ်သွားမယ်။ နောက်ဒီနှစ်က အယ်လ်နီညိုရာသီဥတုကြောင့် မြစ်ရေကပုံမှန်အချိန် မဟုတ်ဘဲ ရေမြင့်တက်ခဲ့တော့ အခုစိုးရိမ်ရတဲ့ ကျေးရွာတွေ အပြင် ဧရာဝတီမြစ်ကမ်းဘေးက ရွာတွေကမ်းပြိုမှုတွေ၊ အရေးပေါ်ဖြစ်လာ ခဲ့ရင် ရေအရင်းအမြစ်နဲ့ မြစ် ချောင်းဦး စီးဌာနကို အကူအညီ တောင်းခံနိုင်ပါတယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ၂၀၁၆ ရက် ၁၀၀ စီမံချက်အတွင်း ဦးစားပေးလုပ်ကိုင်မည့် ကျေးရွာခုနစ်ရွာအပြင် အရေးပေါ်ကမ်းပြို ကာကွယ်ရန် လိုအပ်နေသည့် မြင်းခြံမြို့နယ်ရှိ ဆီမီးခုံနှင့် မတ္တရာမြို့နယ်ရှိ အိုင်ဒိုင်ကျေးရွာတို့ကိုလည်း ကြိုတင် ကာကွယ်မှုပြုလုပ်နိုင်ရန် တိုင်းအစိုးရသို့ တင်ပြထားကြောင်း မန္တလေးတိုင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

Myawady Daily


Leave a Reply