ဘာစီလိုနာအသင်းသားအားလုံး ရီးရဲလ်ကို ဖလားလက်မဲ့ဖြစ်စေလိုဟု မက်ဆီ ပြော

52365345345

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ငါးကြိမ်ရရှိ ထားသော ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ၎င်းတို့အသင်းသား အားလုံးသည် ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ရီးရဲလ်က အက်သလက်တီကိုကို ရှုံးနိမ့်မည်ဟု မျှော်လင့်ထားကြောင်း ပြောကြားသည်။

လာလီဂါ လက်ရှိချန်ပီယံ ဘာကာသည် ကွာတားဖိုင်နယ်တွင် အက်သလက်တီကိုကို ရှုံးနိမ့်ခဲ့ပြီး အက်သလက် တီကိုက ဘိုင်ယန်ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲသို့ ရောက်ရှိလာခြင်းဖြစ်သည်။

သို့သော်လည်း ဘာစီလိုနာ အသင်းသားများသည် ရီးရဲလ်ကို ဖလားတစ်လုံးမျှ မရရှိစေလိုဟု မက်ဆီက ESPN သတင်းဌာန အား ပြောကြားသည်။

‘‘ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အက်သလက်တီကို အနိုင်ရမယ် ဆိုရင်ဘာစီလိုနာ အသင်းသားတွေ အများကြီး ၀မ်းသာကြပါလိမ့်မယ်’’ ဟု မက်ဆီက ထပ်လောင်း ပြောကြားသည်။

အက်သလက်တီကိုအသင်း ကြိုးစားပြခဲ့သည့် ရလဒ်သည် ကြီးကျယ်သောကြောင့် ၎င်းတို့ကို အနိုင်ယူရန် မလွယ်ကူကြောင်း နှင့် အက်သလက်တီကိုသည် အလွန်ခက်ခဲသည့် ပြိုင်ဘက်အသင်းဖြစ်ပြီး ၎င်းတို့၏ စွမ်းဆောင်ရည် များအတွက် နည်းပြ ဆီမြွန်နီ ချီးကျူးခံထိုက်သည်ဟု မက်ဆီက ပြောသည်။

အက်သလက်တီကိုကို ရှုံးနိမ့်ခဲ့၍ ဘာကာ၏ ၂ နှစ်ဆက်တိုက် ဖလားသုံးလုံးရရှိရေး မျှော်လင့်ချက် အဆုံးသတ်ခဲ့ရပြီး ချန်ပီယံလိဂ်မှ ထွက်ခဲ့ရသော်လည်း မက်ဆီက ယခုနှစ်အတွက် လာလီဂါ ဖလားနှင့် ကိုပါဒယ်ရေးဖလားတို့ကို ရယူရန် မျှော်လင့်ထားသည်။

‘‘လာလီဂါမှာ ကျွန်တော်တို့ အမှတ်တွေအများကြီး ဖိတ်စဉ်ခဲ့ပေမယ့် အချိန်မီခြေစွမ်း ပြန်ကောင်းလာခဲ့ပြီး အရာအားလုံးက ကျွန်တော်တို့ လက်ထဲမှာ ရှိနေ တုန်းပါပဲ’’ ဟု မက်ဆီက ပြောသည်။                —Ref: Goal


Leave a Reply