တစ်ကမ္ဘာလုံးတွင် စစ်ကြောင့်နေရပ် စွန့်ပစ်ထွက်ပြေးရသူပေါင်း သန်း ၄၀ ကျော်ရှိ

Part-PAR-Par8199041-1-1-0

လန်ဒန်၊ မေ ၁၁

တစ်ကမ္ဘာလုံးတွင် စစ်ပွဲပဋိပက္ခများကြောင့် နိုင်ငံတွင်း၌ပင် နေရပ်ပြောင်းရွှေ့ရသူပေါင်းသည် ယမန်နှစ်ထက် တိုးတက်များပြားလာကာ စံချိန်တင်အဖြစ် ၄၀ ဒဿမ ၈ သန်းရှိကြောင်း မေ ၁၀ ရက်က ထုတ်ပြန်သည့် အစီရင်ခံစာ တစ်ရပ်က ဖော်ပြသည်။

“ဒီနှုန်းထားက တစ်ကြိမ်တစ်ခါမျှ မရှိဘူးတဲ့ စံချိန်တင်မှုပါပဲ။ တစ်ကမ္ဘာလုံးဒုက္ခသည်ဦးရေက နှစ်ဆတက်လာတာပဲ ဖြစ်တယ်။”ဟု ဂျနီဗာအခြေစိုက် Internal Displacement Monitoring Centre IDMC နှင့် အစီရင်ခံစာ ပူးတွဲရေးသားခဲ့သည့် နော်ဝေမှ Norwegian Refugee Council NRC အကြီးအကဲ Jan Egeland က ပြောသည်။

ပဋိပက္ခများကြောင့် ပြည်တွင်းနေရပ်ပြောင်းရွှေ့ရသူ IDPs ဦးရေသည် ၂၀၁၅ ခုနှစ်အတွင်းက အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကမှ ၄ ဒဿမ ၈ သန်းအပါအ၀င် ၈ ဒဿမ ၆ နီးပါးရှိခဲ့သည်။

“၂၀၁၀ ခုနှစ် အာရပ်နွေဦးနဲ့ အိုင်အက်စ်အဖွဲ့တို့ကြောင့် နေရပ်ပြောင်းရွှေ့မှုတွေက တိုးတက်များပြားလာခဲ့ပါတယ်။” ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြထားပြီး ယီမင်၊ ဆီးရီးယားနှင့် အီရတ်တို့က ပမာဏသည် တစ်ကမ္ဘာလုံးစုစုပေါင်း၏ တစ်ဝက်ကျော် ပမာဏရှိသည်။

အရှေ့အလယ်ပိုင်းပြင်ပ နိုင်ငံများဖြစ်သည့် အာဖဂန်နစ္စတန်၊ ဗဟိုအာဖရိက၊ ကိုလံဘီယာ၊ ကွန်ဂို၊ နိုင်ဂျီးရီးယား၊ တောင်ဆူဒန်နှင့် ယူကရိန်းနိုင်ငံများတွင်လည်း နေရပ်စွန့်ခွာပြောင်းရွှေ့ ရမှုအရေအတွက်က အမြင့်တက်ဆုံး ဖြစ်ခဲ့သည်။

သဘာဝဘေးအန္တရာယ်များကြောင့် ပြောင်းရွှေ့ဦးရေသည် ပြီးခဲ့သည့်နှစ်က ၁၉ ဒဿမ ၂ သန်း ရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြသည်။ အိန္ဒိယ၊ တရုတ်နှင့် နီပေါတို့က အမြင့်ဆုံးဖြစ်ကာ ၃ ဒဿမ ၇ သန်း၊ ၃ ဒဿမ ၆ သန်း နှင့် ၂ ဒဿမ ၆ သန်း အသီးသီး ရှိကြသည်။    Mizzima


Leave a Reply