မူလတန်းပြမှ အလယ်တန်းပြအတွက် ရာထူးတိုးစာမေးပွဲကိစ္စ တရားဝင်စာမထွက်သဖြင့် အခက်တွေ့နေ

IMG_1054

အခြေခံပညာကျောင်းများရှိ မူလတန်းပြဆရာများ အလယ်တန်းပြလျှောက်ထားပါက ရာထူးတိုးစာမေးပွဲ ဖြေဆိုရန် မလိုတော့ကြောင်း နှုတ်ဖြင့်ဖြေကြားခဲ့သော်လည်း တရားဝင်ထုတ်ပြန်ပေးခြင်း မရှိသေးသည့် အတွက် ရာထူးတိုးလျှောက်မည့် ဆရာများအကြား အငြင်းပွားဖွယ် ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးသုတက ပြောကြားသည်။

 ‘‘မေလ ၃ ရက်က အခြေခံ ဦးစီးနဲ့ အဆင့်မြင့်ပညာဦးစီးဌာန တို့ကို ကျွန်တော်တို့အဖွဲ့ချုပ်နဲ့ ဆွေးနွေးတဲ့ အခါ စာမေးပွဲစစ်တာကို မလုပ်ပါဘူးလို့ပြောတယ်။ အဲဒါဆို စာနဲ့ထုတ်ပြန်ပေးဖို့ပြောတော့ ၆ ရက်မှာ တိုင်းနဲ့ပြည်နယ် ရုံးတွေကို ခေါ်ထားတယ်။ အဲဒီအစည်းအဝေးမှာ တစ်ခါတည်းပြောပြီး စာထုတ်ပေးမယ် ဆိုပြီး အခုထိ ထွက်မလာခဲ့ ပါဘူး။ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲ’’ ဟု ဦးသုတက ပြောကြားသည်။

ရာထူးတိုးစာမေးပွဲဖြေဆို မည့်ရက်ကို မေလ ၁၂ ရက်ဟု အကြမ်းအားဖြင့် သတ်မှတ်ထားပြီး လက်ရှိအထိ အကြောင်းတစ်စုံ တစ်ရာ ထုတ်ပြန်ခြင်းမရှိသေးဘဲ ဆွေးနွေးမှုတွင် ပါဝင်ခဲ့သည့် အခြေခံပညာဦးစီးဌာန ဒုညွှန်ချုပ် ဒေါက်တာ အောင်နိုင်စိုးအား ဆက်သွယ်မေးမြန်းရာတွင် ဖုန်းပိတ်သွားကြောင်း ဦးသုတက ပြောသည်။ ‘‘ကောလိပ် ကျောင်းဆင်း ဆရာ၊ဆရာမတွေကို မူလတန်းပြ အဖြစ် အနည်းဆုံး၂ နှစ်နေပြီးရင် အလယ်တန်းပြအဖြစ် လျှောက် ခွင့်ရှိတယ်ဆိုပြီး တက္ကသိုလ် လမ်းညွှန်မှာ ဖော်ပြထားတယ်။ ဒါကို စာမေးပွဲ ပြန်ဖြေရမယ်ဆိုတော့ မကျေနပ်ကြဘူး။ သူတို့ရဲ့သင်တန်းကို အသိအမှတ်မပြုသလို လုပ်တဲ့အတွက် အဲဒီစာမေးပွဲကို တချို့က သတိမှောက်မယ်။ ၀င်မဖြေဘူး။

 တချို့က အခွင့်အလမ်းတွေ မရမှာစိုးတဲ့အတွက် ၀င်ဖြေမယ်ဆိုပြီး ဖြစ်နေကြတယ်’’ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်မှ ဦးဇော်မျိုးလှိုင်က ပြောသည်။ အလယ်တန်းပြ အဖြစ်ရာထူးတိုး စာမေးပွဲ ဖြေဆိုရန်နာမည် အတိအကျဖြင့် စာပို့ကန့်ကွက်သူ ပေါင်း ၂,၉၀၀ အထိရှိပြီး သတ်မှတ်ထားသည့် စာမေးပွဲရက် မတိုင်မီ တိကျသည့် ထုတ်ပြန်ချက် တစ်ခုခုကို စောင့်ဆိုင်းလျက်ရှိ ကြောင်း ၎င်းက ပြောသည်။


Leave a Reply