နယ်စပ်အနီး ချီလီစစ်စခန်း တည်ဆောက်မှုကို ဘိုလီးဗီးယား သမ္မတ ကန့်ကွက်

ဘိုလီးဗီးယား သမ္မတ အီဗို မိုရာလက်စ်

နှစ်နိုင်ငံနယ်စပ်အနီး စစ်စခန်း တည်ဆောက်ခဲ့သည့် ချီလီ၏လုပ်ရပ်ကို ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် မိမိတို့ယူဆ ကြောင်း ဘိုလီးဗီးယားသမ္မတ အီဗိုမိုရာလက်စ်က ပြောကြားခဲ့သည်။

မေ ၈ ရက်တွင် မိုရာလက်စ်က ချီလီအနေဖြင့် နှစ်နိုင်ငံပိုင်နက်အငြင်းပွားမှုများ ဖြစ်ပေါ်နေသည့် ဆီလာလာမြစ်နှင့် ၉ မိုင်အကွာတွင် စစ်စခန်းတစ်ခုကို တည်ဆောက်ထားကြောင်း စွပ်စွဲပြောကြားခဲ့သည်။ ယင်းသည် နိုင်ငံအချင်းချင်း နယ်စပ်များနှင့် မိုင် ၃၀ အတောအတွင်း စစ်စခန်းများဆောက်လုပ်ခြင်းမပြုရန် နိုင်ငံတကာသဘောတူညီမှုကို ဆန့်ကျင်နေကြောင်းလည်း ၎င်းက ဆိုသည်။

“ဒီလို စစ်စခန်းတစ်ခုတည်ဆောက်ခြင်းဟာ ဘိုလီးဗီးယားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကိုရော၊ ဘိုလီးဗီးယားရဲ့ အချုပ်အခြာအာဏာပိုင်ရပ်တည်မှုကိုပါ ထိခိုက်လာနိုင်ပါတယ်” ဟု ၎င်းက ဆန်တာခရုဇ်တွင် ပြည်သူများနှင့် တွေ့ဆုံသည့် အခမ်းအနားတစ်ရပ်၌ ပြောကြားခဲ့သည်။

ဆီလာလာမြစ်ကို ပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍ ချီလီနှင့် ဘိုလီးဗီးယားတို့ကြားတွင် သမိုင်းကြောင်းရှည်လျားစွာ တင်းမာ မှုများရှိခဲ့သည်။ ဆီလာလာမြစ်သည် နှစ်နိုင်ငံနယ်စပ်တွင် ဖြတ်သန်းစီးဆင်းနေသည်။ မတ်လအတွင်းက ယင်း ကိစ္စ နှင့်ပတ်သက်၍ ဟိဂ်မြို့ရှိ နိုင်ငံတကာခုံရုံးတွင် အဆုံးအဖြတ်ခံယူသွားမည်ဟု မိုရာလက်စ်က ခြိမ်းခြောက် ခဲ့ဖူး သော်လည်း လက်တွေ့အားထုတ်မှု မရှိခဲ့ချေ။

ချီလီအစိုးရကမူ စစ်စခန်းကိစ္စနှင့် ပတ်သက်၍ မိုရာလက်စ်၏ ကြေညာချက်သည် ချီလီအပေါ် နိုင်ငံတကာ အမြင်မှား အောင် အားထုတ်မှုသက်သက်သာဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။ “ဘိုလီးဗီးယား အစိုးရအနေနဲ့ သူတို့ ပြည်တွင်းရေး ပြဿနာတွေကို အာရုံလွှဲဖို့ ချီလီကို မဟုတ်မမှန် ထပ်ပြီးစွပ်စွဲလိုက်တာပါပဲ”ဟု ချီလီနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

“နယ်စပ်နားမှာ ချီလီက စစ်စခန်းတစ်ခုတည်ဆောက်နေကြောင်း ဘိုလီးဗီးယားသမ္မတရဲ့ စွပ်စွဲမှုဟာ လုံးဝအခြေ အမြစ်မရှိပါဘူး။ ဆီလာလာမြစ်အနား ၉ မိုင်လောက်အကွာမှာ ချီလီက စစ်စခန်းတည်ဆောက်နေတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။ အဲဒီစစ်စခန်းမျိုး တကယ်မရှိပါဘူး” ဟုလည်း ချီလီဘက်က ဖြေရှင်းသွားသည်။  7 Day Daily


Leave a Reply