အမေရိကန် သမ္မတလောင်း ရွေးချယ်ပွဲမှ နုတ်ထွက်ကြောင်း တက်ခရုဇ် ကြေညာ
အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် သမ္မတလောင်း ရွေးချယ်ပွဲတွေမှာ ပြိုင်ဘက် ဒေါ်နယ်ထရမ့်ကို အကြီးအကျယ် ရှုံးနိမ့်သွားတဲ့အတွက် ပြိုင်ပွဲကနေ နုတ်ထွက်ပြီလို့ တက္ကဆက်ပြည်နယ် လွှတ်တော်အမတ် တက်ခရုဇ် (Ted Cruz) က မေလ ၃ ရက်နေ့က ကြေညာလိုက်ပါတယ်။
တက္ကဆက်ပြည်နယ် ရွေးချယ်ပွဲတွေမှာ အကြီးအကျယ် အနိုင်ရလိုက်တဲ့အတွက် ရှေ့ကနေ ဦးဆောင်နေတဲ့ အိမ်ခြံမြေ ဘီလီယံနာသူဋ္ဌေးကြီး ဒေါ်နယ်ထရမ့်က ရီပတ်ဗလစ်ကန်ပါတီ ကိုယ်စားပြု သမ္မတလောင်းအဖြစ် တိုက်ရိုက်အရွေးခံရရေး သေချာသလောက် ဖြစ်လာပါတယ်။
ဒေါ်နယ်ထရမ့်ဟာ သူ့ ရီပတ်ဗလစ်ကန်ပါတီထဲမှာတောင် မထောက်ခံသူ အများအပြား ရှိနေတာပါ။
အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတ တဦးအဖြစ် မသင့်လျော်တဲ့ လူလိမ်လို့ အခု နုတ်ထွက်သွားတဲ့ တက်ခရုဇ်က တိုက်ခိုက် ပြောဆိုခဲ့ပါသေးတယ်။
ဒီမိုကရက်တစ်ပါတီဘက်မှာတော့ အင်ဒီယားနားပြည်နယ်ပွဲတွေမှာ ဒုတိယနေရာက လိုက်နေတဲ့ ဗားမောက်ပြည်နယ် အမတ် ဘာနေးဆန်းဒါးစ် (Bernie Sanders) က ဟီလာရီကို နိုင်သွားပါတယ်။
ဆန်းဒါးစ်ဟာ အရင်ပွဲတွေမှာတော့ ဟီလာရီရဲ့ နောက်ကပဲ လိုက်နေခဲ့ရပြီး အခု အင်ဒီယားနားပြည်နယ်မှာ အနိုင်ရလိုက်တဲ့ အတွက် ဟီလာရီနဲ့ပွဲကတော့ မပြတ်သေးဘူးလို့ ပြောဆိုပါတယ်။
တက်ခရုဇ်ရဲ့ အကြံပေးအဖွဲ့ဟာ ပြိုင်ဘက် ဒေါ်နယ်ထရမ့်ကို အင်ဒီယားနားပြည်နယ်မှာ တားထားဖို့ အစွမ်းကုန် ကြိုးစား ပြင်ဆင်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
(ရိုက်တာ)