ဧရာဝတီဖလားလေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ပထမဆု ဒေါ်လာနှစ်သောင်းချီးမြှင့်မည်
လေးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲအတွက် ဧရာဝတီဘဏ်က စပွန်ဆာစာချုပ်ချုပ်ဆိုပွဲကျင်းပနေစဉ် (ဓာတ်ပုံ − MFF)
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် ဧရာဝတီဘဏ်ဖလား နိုင်ငံတကာ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲတွင် ပထမဆုကို ဒေါ်လာနှစ်သောင်းနှင့် ဆုဖလား ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
၂၀၁၆ ဇွန်လ ၃ ရက်မှ ၆ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် အိမ်ရှင်မြန်မာအသင်း အပါအ၀င် စင်ကာပူ၊ ဟောင်ကောင်၊ ဗီယက် နမ်အသင်းတို့ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
‘‘မြန်မာဘောလုံးလောက တိုးတက်ဖို့အတွက် အစဉ်တစိုက် ကူညီပံ့ပိုးခဲ့တဲ့ ဧရာဝတီဘဏ်အနေနဲ့ ဒီပြိုင်ပွဲမှာ ကျပ်သိန်းသုံးထောင် ပါဝင်ပံ့ပိုးပေးသွားမှာပါ’’ ဟု ဧရာဝတီဘဏ်မန်နေဂျင်းဒါရိုက်တာ ဦးဖြိုးအောင်က ပြောသည်။
ပြိုင်ပွဲကို ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်မည်မဟုတ်ဘဲ ဆီမီးဖိုင် နယ်အဆင့်မှ စတင်ကျင်းပမည် ဖြစ်ကာ ဇွန်လ ၃ ရက် ညနေ ၃ နာရီခွဲတွင် ဗီယက်နမ်နှင့် ဟောင်ကောင်၊ ညနေ ၆ နာရီ ၁၅ မိနစ် တွင် မြန်မာအသင်းနှင့် စင်ကာပူအသင်းတို့ ယှဉ်ပြိုင် ကြမည်ဖြစ်သည်။ ယင်းပွဲစဉ်များတွင် အနိုင်ရရှိသည့် နှစ်သင်းမှာ ဗိုလ်လုပွဲကစားရမည်ဖြစ်ပြီး ရှုံးနိမ့်သည့် နှစ်သင်းမှာ တတိယ နေရာလုပွဲယှဉ်ပြိုင်ရမည်ဖြစ်သည်။
‘‘အိမ်ရှင်အားသာချက်လည်းရှိနေတယ်။ ဆူဇူကီးဖလားပြိုင်ပွဲ အကြိုပြင်ဆင်မှုအနေနဲ့ ကျင်းပတဲ့ပြိုင်ပွဲဖြစ်တာကြောင့် ဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ မျှော်မှန်းထားတယ်’’ဟု မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် မစ္စတာဂတ်ဖရိုင်းဒရစ်က ပြောသည်။
ယင်းပြိုင်ပွဲတွင် ဒုတိယရရှိသည့် အသင်းကို ဆုကြေးငွေဒေါ် လာတစ်သောင်းနှင့် ငွေတံဆိပ်၊ တတိယရရှိသည့် အသင်းကို ဆုကြေးငွေ ဒေါ်လာငါးထောင်နှင့် ကြေးတံဆိပ်တို့ ချီးမြှင့်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲကို ပြည်တွင်းရုပ်သံလိုင်းများက တိုက်ရိုက် ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မြန်မာ့လက်ရွေးစင်အသင်း သည် မေလ ၂၈ ရက်တွင် မလေးရှား လက်ရွေးစင်အသင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်းပွဲကစားမည်ဖြစ်ပြီး မေလ ၄ ရက်တွင် လေ့ကျင့်ခန်းပြုလုပ်ကြောင်း သတင်းရရှိ သည်။ (7 Day Daily)