G-7 အစည်းအဝေးတွင် ပြင်သစ်နှင့် ဂျပန် အကြမ်းဖက်တန်ပြန်တိုက်ဖျက်မှု ပြုလုပ်ရေးသဘောတူ

13166049_1703164663257368_1854802728860079176_n

ပါရီ မေ ၃

ဂျပန်နိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့မှ ခေါင်းဆောင်များသည် လာမည့် G-7 အစည်းအဝေးကာလအတွင်း အကြမ်းဖက် တန်ပြန်တိုက်ခိုက်မှု လုပ်ဆောင်ချက် အစီအစဉ်ကို ကြေညာရန် သဘောတူခဲ့ကြောင်း အင်န်အိတ်ခ်ျကေသတင်း တစ်ရပ်တွင် ဖော်ပြသည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး သည် ပြင်သစ်သမ္မတ ဖရန်ကွိုက် ဟော်လန်ကို ပါရီတွင် တနင်္လာနေ့က တွေ့ဆုံခဲ့သည်။ G-7 အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် က္ဘာ့စီးပွားရေး၊ အကြမ်းဖက် တန်ပြန်တိုက်ဖျက်ရေးနှင့် ဥရောပသမဂ္ဂ ဒုက္ခသည်ကိစ္စ စသည့်များပြားလှသော အရေးကိစ္စများအပေါ် ခိုင်မာသော ထုတ်ပြန်ဖော်ပြချက်များ ပြုလုပ်လာမည်ဟု မျှော်လင့်ကြောင်း အာဘေးက ပြင်သစ်သမ္မတ ဟော်လန်ကိုပြောကြားခဲ့သည်။

ဟော်လန်အနေဖြင့် အာဘေး၏ အကြံပြုချက်ကိုကြိုဆိုခဲ့သည်။ အကြမ်းဖက်တန်ပြန်တိုက်ဖျက်ရေး လုပ်ဆောင်ချက် အစီအစဉ်က အကြမ်းဖက်မှုများကို တွန်းလှန်ရာတွင် ဒေသတွင်းစည်းလုံး ညီညွတ်မှုရှိရန်နှင့် အတူတကွ ပူးပေါင်း လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်ဟု ဟော်လန်က ပြောကြားလိုက်သည်။

ကမ္ဘာ့စီးပွားရေး တည်ငြိမ်မှုရရှိရေး မျှော်လင့်ချက်ဖြင့် တိကျပြတ်သားသော ရည်မှန်းချက်များချမှတ်ရန် နှစ်နိုင်ငံ ခေါင်းဆောင်များက သဘောတူခဲ့သည်။

ဆွေးနွေးပွဲပြီးနောက် အာဘေး အနေဖြင့် လွန်ခဲ့သောနှစ် ပါရီတိုက်ခိုက်မှုတွင် သေဆုံးသွားသူများအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။ အကြမ်းဖက်မှုသည် လက်ခံနိုင်စရာအကြောင်း မရှိကြောင်းနှင့် မည်သည့်အကြောင်းပြချက်နှင့်မျှ အကြမ်းဖက်လုပ်ရပ်ကို သည်းမခံသင့်ကြောင်း ၄င်းက ဆက်လက် ပြောကြားသည်။

အာဘေးအနေနှင့် ဥရောပသမဂ္ဂ နိုင်ငံများသို့ လာရောက်ခြင်းသည် G-7အစည်းအဝေးတွင် ဦးဆောင်ဦးရွက် ပြုမည့် ၄င်းအတွက် လမ်းခင်းရန် ရည်ရွယ်ချက်ဖြင့် လာရောက်ခြင်း ဖြစ်ကြောင်း သိရသည်။ G-7အစည်း အဝေးကို လာမည့် မေ ၂၆ ရက်တွင် ဂျပန်နိုင်ငံအလယ်ပိုင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

(အင်န်အိတ်ခ်ျကေ)


Leave a Reply