ဂွါဒီယိုလာလက်ထက် ချန်ပီယံလိဂ်နောက်ဆုံး (၃)နှစ်ဆက် ဆီမီးဖိုင်နယ်ကို မကျော်လွန်နိုင်ခဲ့တဲ့ ဘိုင်ယန်
ဒီနေ့ပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းဟာ အက်သလက်တီကိုအသင်းကို အိမ်ကွင်းမှာ အနိုင်ကစားနိုင်ခဲ့ပေမယ့် အဝေးဂိုး စည်းမျဉ်းကြောင့် ပြိုင်ပွဲကထွက်ခွာခဲ့ရပါတယ်။ ဒါကြောင့်လည်း ဂွါဒီယိုလာလက်ထက်မှာ ဘိုင်ယန်မြူးနစ်အသင်းဟာ ချန်ပီယံလိဂ် နောက်ဆုံး (၃)နှစ်ဆက်တိုက် ဆီမီးဖိုင်နယ်အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာပါ။
ဘိုင်ယန်မြူးနစ်ရဲ့ လူစာရင်းမှာ ပထမအကျော့တုန်းက ပွဲထွက်လူစာရင်းမှာ မပါဝင်ခဲ့တဲ့ မူလာ၊ ရစ်ဘာရီတိြု့ ပန်လည် ပါဝင်လာခဲ့ပြီး ဗီဒယ်လ်၊ အလွန်ဆို၊ ဒေါက်ဂလပ်ကော်စတာနဲ့ တိုက်စစ်မှာ လီဝန်ဒေါ့စကီးတို့ကိုပဲ ပွဲထွက် စေခဲ့ပါတယ်။ တီကိုကတော့ နောက်ခံလူဂိုဒင် တစ်ဦးတည်းသာ ပြန်လည်အသုံးပြုခဲ့ပြီး ပထမအကျော့က လူစာရင်းအတိုင်းပဲ ပွဲထွက်ခဲ့တာပါ။
ထုံးစံအတိုင်းပဲ ဘိုင်ယန်မြူးနစ်အသင်းက ဖိအားပေးကစားနိုင်ခဲ့ပေမယ့် အက်သလက်တီကိုတို့ရဲ့ ကျစ်လစ်တဲ့ခံစစ်ကြောင့် ခက်ခဲခဲ့ပါတယ်။ ဒီပွဲမှာ အထူးချီးကျူး ရမှာက အက်သလက်တီကို ဂိုးသမားအိုဘလက်ခ်ပါ။ ဂိုးပေးရနိုင်တဲ့ အခြေအနေ အတော်များများကို ကာကွယ်နိုင်ခဲ့ပြီး အသင်းကိုအကောင်းဆုံး ကူညီနိုင်ခဲ့ပါတယ်။
ထူးခြားတာက ပယ်နယ်တီပြစ်ဒဏ်ဘော (၂)သင်းစလုံးရခဲ့ပေမယ့် မူလာနဲ့ တောရက်စ်တို့ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂိုးတွေကို (၃၁)မိနစ်မှာ အလာဘာကြောင့်ရခဲ့တဲ့ ပြစ်ဒဏ်ဘောကို ကွင်းလယ်လူအလွန်ဆိုက သွင်းယူခဲ့ပြီး ဒုတိယဂိုးကိုတော့ လီဝန်ဒေါစကီးက ခေါင်းတိုက်သွင်းယူသွားခဲ့ပါတယ်။
အက်သလက်တီကိုအသင်းအတွက် ဗိုလ်လုပွဲရောက်စေမယ့်ဂိုးကိုတော့ တန်ပြန်တိုက်စစ်မှရရှိခဲ့တာဖြစ်ပြီး တောရက်စ်ရဲ့ ဖန်တီးပေးမှုမှတစ်ဆင့် ဂရစ်ဇ်မန်းက သွင်းယူ သွားခဲ့တာပါ။