၂ဝ၁၆ ခုနှစ် မေလ ၁ ရက် မေဒေးနေ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် ကပေးပို့သောသဝဏ်လွှာ

 

လုပ်သားထုအပေါင်းတို့ခင်ဗျား-
ယနေ့ မေဒေးနေ့ဟာ ကမ္ဘာတစ်ဝန်းလုံးရှိ အလုပ်သမားထုကြီးအား အမှတ်တရဂုဏ်ပြုသော နေ့ထူး နေ့မြတ်ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း လုပ်သားထုကြီး တစ်ရပ်လုံးကို ကိုယ်စားပြုပြီး မေဒေးနေ့ကို အခုလိုကျင်းပကြတဲ့အတွက် ဝမ်းသာဂုဏ်ယူမဆုံးဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တာဝန်ယူခဲ့တဲ့ အစိုးရ လက်ထက်မှာ အလုပ်သမား သမဂ္ဂအဖွဲ့ ၁၈၈၉ဖွဲ့ ဖွဲ့စည်းခွင့်ရရှိခဲ့၍ အလုပ်သမားအဖွဲ့ချုပ်ခုနစ်ဖွဲ့လည်း ပေါ်ထွန်းလာခဲ့ပါတယ်။ နိုင်ငံတွင်းမှာအလုပ်သမားသမဂ္ဂအဖွဲ့အစည်း ပေါင်းများစွာ ပေါ်ထွန်းလာပြီး အလုပ်သမားရေးကိစ္စများကို စွမ်းစွမ်းတမံဆောင်ရွက်နေကြသည်များကိုလည်း တွေ့မြင်နေရပါတယ်။ အဓိကအဖွဲ့အစည်းများ ပေါ်ပေါက်လာတဲ့အပေါ် ကျွန်တော့်အနေဖြင့် အကြံပြုလမ်းညွှန်မှုပေးရပါလျှင် အချင်းချင်းစည်းလုံးညီညွတ်စွာ အတူတူပူးပေါင်းလုပ်ကိုင်နိုင်ရန် အပြန်အလှန် ယုံကြည်မှု၊ လေးစားမှုကို အဓိကထားသင့်ကြောင်း အကြံပြုလို ပါတယ်။

ဒါ့အပြင် အဖွဲ့ဝင်အချင်းချင်း ရိုင်းပင်းကူညီလိုစိတ်လည်း ရှိရပါမယ်။ အလုပ်သမားဥပဒေများအပြင် အလုပ်သမားထု ဘဝလုံခြုံခိုင်မာစေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု အတွက် လူမှုဖူလုံရေးကိစ္စများလည်း စွမ်းစွမ်းတမံဆောင်ရွက်လာတာကိုလည်း တွေ့မြင်ရပါ တယ်။ မြန်မာ့နိုင်ငံရေး အသွင်သဏ္ဌာန်သည် ၂ဝ၁ဝ မှ ၂ဝ၁၅ ကာလ အတွင်း ကောင်းမွန်သည့် တိုးတက်ပြောင်းလဲမှုများစွာဖြစ်ပေါ်ခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ်အတွင်း အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးဦး၊ သုံးဖလှယ် ဆွေးနွေးမှုများပြုလုပ်နိုင်ခဲ့ပြီး အနိမ့်ဆုံးလုပ်ခလစာနှုန်းထားသတ်မှတ်ခြင်းအပါအဝင် ကျန်းမာပြီး လုံခြုံဘေးကင်းသည့် လုပ်ငန်းခွင်ဖြစ်ပေါ်ရေးဆိုင်ရာ ဥပဒေများပြဋ္ဌာန်းခြင်းနှင့် အလုပ်သမားဥပဒေ အား ပြန်လည်ပြင်ဆင်ရေးဆွဲနိုင်မည့် အခြေခံလုပ်ငန်းစဉ်များ ချမှတ်နိုင်ခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်များထဲကမှ အောင်မြင်မှုအရှိဆုံးနှင့် နိုင်ငံတကာမှ အသိအမှတ်ပြုမှုအရှိဆုံး လုပ်ငန်းစဉ်မှာ လူမှုဖူလုံရေးပဲဖြစ်ပါတယ်။
ကျွန်တော်တို့ပါတီအနေဖြင့် အလုပ်သမားများ၏အခွင့်အရေး အကာအကွယ်ပေးသည့် ဥပဒေများကို ခေတ်နှင့်အညီဖြစ်စေရန် ပြင်ဆင်ပြဋ္ဌာန်းနိုင်ရေးနှင့် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေများ ပြဋ္ဌာန်းပြီး အလုပ်သမားအကျိုးဖြစ်ထွန်းစေအောင် ယခင်ကလည်း ဆောင်ရွက်ပေးခဲ့ သလို နောင်လည်းဆောင်ရွက်ပေးသွား မှာဖြစ်ပါတယ်။ ဒါ့အပြင် အလုပ်သမားများ တရားမျှတစွာ အလုပ်လုပ် ခွင့်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ အသေးစား၊ အလတ်စားနှင့် အကြီးစားစက်မှု ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အစဉ်အားပေးပံ့ပိုးသွားလျက် အလုပ်အကိုင်အခွင့်အလမ်း တိုးမြှင့်ပေးမှာ ဖြစ်ပါတယ်။ အရွယ်ရောက်ရှိလာသော လူငယ်များအတွက် အလုပ်အကိုင်အခွင့် အလမ်းသစ် များ ဖော်ဆောင်ပေးသွားမှာဖြစ်ပြီး အလုပ်သမားများကို ပြောင်းလဲတိုးတက်နေသည့် စက်မှုလက်မှုနည်း ပညာများနှင့်အညီ လုပ်ကိုင်နိုင်စေရန် အသက်မွေးဝမ်းကျောင်းကျွမ်းကျင်မှုဆိုင်ရာ သင်တန်းကျောင်း များဖွင့်လှစ်ပေးနိုင်ရေး ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

အလုပ်သမားများ အနေဖြင့် နိုင်ငံတွင်ရှိနေသည့် သဘာဝအရင်းအမြစ်များ၊ မိမိတို့တွင်ရှိနေသည့် လူသားအရင်းအမြစ်များအပေါ်တွင် အခြေပြုပြီး နိုင်ငံတကာ နှင့် ရင်ပေါင် တန်းနိုင်စွမ်းရှိအောင် ကြိုးစားသွားကြရမှာဖြစ်ပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီအနေဖြင့် တစ်နိုင်ငံလုံးရှိ အလုပ်သမားထုကြီးအပါအဝင် ပြည်သူတို့၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တသည့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီပန်းတိုင်သို့ ပြည်သူ့ ဆန္ဒနှင့်အညီ ဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။  မြန်မာတစ်နိုင်ငံလုံးရှိ အလုပ်သမားထုကြီးတစ်ခုလုံး တိုးတက်ကောင်းမွန်တဲ့ လူနေမှုဘဝများ ပိုင်ဆိုင်နိုင်ကြ ပါေ ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ဦးသိန်းစိန်
ဥက္ကဋ္ဌ
13095750_512792718845790_1047311675516024138_n ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ


Leave a Reply