ပြည်ခိုင်ဖြိုးပါတီမှ သဘာဝဘေးဒဏ်ခံစားခဲ့ရသည့် မြို့နယ်များနှင့် ကျေးရွာများသို့ အိမ်မိုးသွပ်ပြားများ လှူဒါန်း

60915801-02052016

မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ ဦးရဲမြင့် ဦးဆောင်၍ တိုင်းဒေသကြီးပါတီမှ သဘာဝဘေးဒဏ် ခံစားခဲ့ရသည့် အမရပူရမြို့နယ်နှင့် သပိတ်ကျင်း မြို့နယ်များမှ ကျေးရွာများသို့ ယနေ့သွားရောက်၍ သွပ်ပြား ၂၁၀၀၀ လှူဒါန်းပြီး အားပေးစကားများ ပြောကြားခဲ့သည်။ မန္တလေးတိုင်းဒေသ ကြီး ပြည်ခိုင်ဖြိုးပါတီမှ အမရပူရမြို့နယ်အတွင်းရှိ မကျီးကိုင်းကျေးရွာ တွင် သွပ်ပြား ၁၃၅ချပ်၊ တောင်ကိုင်းကျေးရွာတွင် သွပ်ပြား ၃၁၅ ချပ်နှင့် ကင်းဘက်ကျေးရွာတွင် သွပ်ပြား ၃၀၀၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ တွင်းငယ်ကျေးရွာတွင် သွပ်ပြား အချပ်၅၀၀၊ ရေညှာဦးကျေးရွာ သွပ်ပြားအချပ် ၃၀၀ နှင့် တောင်လယ်ကျေးရွာတွင် သွပ်ပြားအချပ် ၅၅၀ စုစုပေါင်း သွပ်ချပ်ရေ ၂၁၀၀ ကို သဘာဝဘေးအန္တရာယ်သင့်ကျေးရွာများမှ တာဝန်ရှိသူအသီးသီးထံ ပေးအပ်လှူဒါန်းခဲ့သည်။ ‘‘ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အခုလို သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့တဲ့ ရွာတွေကို တတ်နိုင်သမျှ လှူဒါန်းပေးသွားမှာပါ။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပြည်သူတွေနဲ့ တစ်သားတည်း ရှိနေပါတယ်။ သဘာဝဘေး ဆိုတာ ကြိုတင်ခန်းမှန်းလိုမရပါဘူး။ ဒါပေမဲ့ သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ရင် အစိုးရမဟုတ်တော့လို့ ပြည်သူတွေရဲ့ လိုအပ်ချက်ဖြည့်ဆည်းပေးဖို့ အားနည်းပေမယ့် ပါတီအနေနဲ့ ပြည်သူ့လိုအပ်ချက်ကို တတ်နိုင်သမျှ စေတနာသန့်သန့်နဲ့ ဆောင်ရွက်ပေး သွားမှာပါ’’ ဟု တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးရဲမြင့်က သဘာဝဘေး အန္တရာယ် သင့် ကျေးရွာများမှ ပြည်သူများကို အားပေးစကားပြောကြားခဲ့သည်။ သဘာဝဘေး အန္တရာယ်သင့် ကျေးရွာများကို သွားရောက်ရာတွင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးရဲမြင့်နှင့်အတူ တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးဝင်းမောင်၊ တိုင်းဒေသကြီး ပါတီကော်မတီဝင်များ ဖြစ်ကြသည့် ဦးအောင်ဋ္ဌေးကျော်၊ ဦးသောင်းဝေ၊ ဦးတင်ထွန်း၊ ဦးမျိုးမြင့်နှင့် ဒေါ်မြင့်မြင့်ဦး၊ မန္တလေးခရိုင်အတွင်းရေးမှူး ဦးဘိုသင်း၊ အမရပူရမြို့နယ် အတွင်းရေးမှူး ဦးသိန်းထွန်းဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များ သပိတ်ကျင်း မြို့နယ် အတွင်းရေးမှူး ဦးသန်းအောင် နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ လိုက်ပါ၍ ကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


Leave a Reply