ပြည်ခိုင်ဖြိုးပါတီညီလာခံ ဇွန် ၊ ဇူလိုင်လများတွင် ကျင်းပနိုင်မည် ရပ်/ကျေး မျက်နှာစုံညီ အစည်းအဝေးများ စတင်

1656315_130874017087734_1111659862_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ညီလာခံကို လာမည့် ဇွန်၊ ဇူလိုင်လအတွင်း ကျင်းပနိုင်ရန် မျှော်မှန်းထားကြောင်း ပါတီဒုတိယ ဥက္ကဌ ဦးဌေးဦးက ပြောသည်။ “ပါတီညီလာခံသည် ဗဟိုကနေ ဆင်းသွားတာ မဟုတ်ဘူး။ ဟိုးအောက်ခြေကနေပြီးတော့ ဗဟိုအထိကို ရောက်လာတာဖြစ်တဲ့အတွက် ရက်ပိုင်း၊ လပိုင်းနဲ့ လုပ်လို့မရဘူး။ အချိန်ပေးရတယ်။ ကျွန်တော်တို့ ဇွန်၊ ဇူလိုင်တွင် လုပ်နိုင်မယ်လို့ မှန်းတယ်။ အခုဆိုရင် ကျွန်တော်တို့ ရပ်/ကျေး အဖွဲ့တွေ စလုပ်နေကြပြီ။ လူရွေးဖို့လည်း လုပ်တယ်။ ညီလာခံတွေ တက်ရောက်ဖို့ အတွက်လည်း လုပ်တယ်။ ပါတီအတွင်းမှာ လုပ်နိုင်တဲ့ လုပ်ငန်းတွေကိုလည်း ပိုပြီးသွက်လပ် လျင်မြန်စေဖို့အတွက်ကိုလည်း ကျွန်တော်တို့လုပ်တယ်။ ဒါတွေ စလုပ်နေကြပြီ။ ရပ်/ ကျေးပြီးရင် မြို့နယ်တွေလာမယ်။ အဲ့ဒီလိုလုပ်နိုင်ဖို့ ကျွန်တော်တို့ စီမံချက်တွေပေးရတယ်။ စီမံချက်တွေ ကျွန်တော်တို့ ညှိနှိုင်းဆဲ ဖြစ်နေတယ်ဟု ပြောသည်။”

ပါတီညီလာခံ ငါးနှစ်တစ်ကြိမ်ဆောင်ရွက်ခြင်း ဖြစ်ပြီး အထွေထွေရွေးကောက်ပွဲကာလ၊ လွှတ်တော် ဖွဲ့စည်းသည့် ကာလ၊ အစိုးရဖွဲ့စည်းသည့် ကာလများ ပြီးမြောက်မှသာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရ သည်။

“အစိုးရရဲ့ သက်တမ်းကလည်း ငါးနှစ်တစ်ကြိမ်၊ ရွေးကောက်ပွဲလည်း ပြီးသွားတယ်။ လွှတ်တော်တွေလည်း ဖွဲ့စည်းတယ်။ အစိုးရလည်း ဖွဲ့စည်းပြီး ခြောက်လ၊ ခုနှစ်လ ၀န်းကျင်ရောက်လို့ရှိရင်တော့ ပါတီညီလာခံ လုပ်ရမယ်။ ပါတီညီလာခံလုပ်တယ်ဆိုတာ ဗဟိုမှာတင်လုပ်ရတာ မဟုတ်ပါဖူး။ ဟိုး ရပ်/ ကျေးပြီးတော့မှ မြို့နယ်၊ မြို့နယ်ကမှ ခရိုင်၊ ခရိုင်ကမှ တိုင်းနှင့်ပြည်နယ်၊ တိုင်းနှင့်ပြည်နယ်ပြီးတော့မှ ဗဟိုကိုတက်လာ တယ်” ဟုဒုတိယ ဥက္ကဌ ဦးဌေးဦးကပြောသည်။ ဆက်လက်၍ ၄င်းက “အဲ့ဒီလိုလုပ်ကြတဲ့အခါမှာ ဘာတွေပါလာသလဲဆိုတော့ တချို့တွေက နားမလည်ကြဘူး။ ပါတီညီလာခံနဲ့ နှစ်စဉ်ပြုလုပ်နေတဲ့ နှစ်ပတ်လည် အစည်းအဝေးဆိုတော့ ကိုယ်ရဲ့ပါတီရှင်သန်ထက်မြတ်ရေးအတွက်၊ ကိုယ့်ပါတီစည်းရုံးရေး တွေ ထက်မြတ်ခိုင်မာလာဖို့အတွက်၊ ကိုယ်ရဲ့စီမံခန့်ခွဲမှုတွေ ပိုပြီးတော့ ကောင်းလာဖို့အတွက် ၊ ကိုယ့်ရဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ပိုပြီးထက်မြတ်လာဖို့အတွက် ရည်ရွယ်ပြီးတော့မှ နှစ်စဉ်လုပ်တာကို စုံညီအစည်းအဝေးလို့လည်း ခေါ်တယ်။ အသင်းတုန်းကလည်း လုပ်ခဲ့တယ်။ ပါတီတုန်းကလည်း လုပ်ခဲ့တယ်။ ငါးနှစ်တစ်ကြိမ် လုပ်တဲ့ ပါတီညီလာခံတိုင်းမှာ ကျွန်တော်တို့ လုပ်ကြတယ်။ ငါးနှစ်အတွင်းမှာ တချို့လူတွေသည် ကွယ်လွန်သွားကြသည်။ တချို့လူတွေသည် အသက်အရွယ်ကြောင့် ဆိုပြီးတော့ မလုပ်နိုင်ကြတော့ဖူး။ တချို့လူတွေသည် ကိုယ့်ပါတီရဲ့ လုပ်ငန်းလမ်းညွှန်မှုတွေ တခြားအဖွဲ့အစည်းတွေကို ယုံကြည်ပြီး လုပ်နေကြတဲ့ လူတွေလည်း ဖြစ်လာကြတယ်။ ဒါကြောင့် ငါးနှစ်တစ်ကြိမ် ပြန်လည်ဖွဲ့စည်း လာကြတယ်။ လူရွှေးတယ် ဆိုတဲ့ နေရာမှာလည်း  လူမှန်နေရာမှန် ရွေးနိုင်ဖို့ လိုတယ်။ ပါတီဝင်တွေဟာ လည်းဘာပဲပြောပြော ပါတီအပေါ်သစ္စာရှိရမည်။ ပါတီဝင်တွေ ဟာ နိုင်ငံသားေ တွ ဖြစ်တဲ့အတွက် နိုင်ငံတော် အပေါ်လည်း သစ္စာရှိရမည်။ ဒီနေ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေအပေါ် လိုက်နာမယ်။ ကာကွယ် စောင့်ရှောက်မယ်။ တည်ဆဲကိုး။ တည်ဆဲအပေါ် ကျွန်တော်တို့ ကာကွယ်စောင့်ရှောက်မယ်။ လိုက်နာမယ် ဆိုတဲ့အခါမှာတော့ ထုတ်ပြန်ထားတဲ့ တရားဥပဒေအပေါ် လိုက်နာဆောင်ရွက်မယ်ဆိုတာလည်း ပါတယ်” ဟု ၄င်းကပြောသည်။ ပါတီစုံဒီမိုကရေစီ စနစ်ဖြစ်သောကြောင့် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အခြားသောပါတီများနှင့် တူညီသည်များကို ပူးပေါင်းလုပ်ဆောင်မည် ဖြစ်ပြီး မတူညီသည်များကို လုပ်ဆောင်မည် မဟုတ်ကြောင်း သိရသည်။ ”အခြားသော ပါတီတွေလည်း အများကြီးရှိနေကြတယ်။ သူတို့လည်း သူတို့ရပ်တည်ချက်နဲ့ သူတို့၊ သူတို့အကြောင်းနဲ့ သူတို့ သွားနေကြတဲ့အတွက် တူတဲ့အရာ ကျတော့ ပေါင်းလုပ်ကြတာပေါ့။ မတူတာကျတော့လည်း ဘယ်လုပ်နိုင်ပါ့မလဲ။ တခြားသောပါတီလုပ်တဲ့ အရာသည် အားလုံးကောင်းပါတယ်ဆိုတာသည် တကယ်တမ်းလက်တွေ့မှာ မရှိပါဘူး။ ဒါကြောင့်တူတာ တွေပဲတွဲလုပ်မယ်။ မတူတာတွေ မလုပ်ဘူး။ သူတို့ရဲ့ လမ်းညွန်ချက်တွေအတိုင်း ဒါလုပ်လိုက်ပါလို့ပြောရင် လုပ်ချင်မှ လုပ်မှာပေါ့။ တူရင် လုပ်လိုက်မယ် မတူရင်မလုပ်ဖူးပေါ့ဗျာ”ဟု ဒုတိယ ဥက္ကဌ ဦးဌေးဦးက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ညီလာခံကျင်းပရခြင်းရည်ရွယ်ချက်တွင် ပါတီကချမှတ် ကျင့်သုံးဆောင်ရွက်နေသည့် ရည်မှန်းချက်မှုဝါဒ၊ လုပ်ငန်းစဉ်၊ သဘောတရားများနှင့် ဆုံးဖြတ်ချက်များ အပေါ် ယုံကြည်ချက်စွဲမြဲခိုင်မာမှသာ ပါတီတွင်းစည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင်မည် ဖြစ်ရာ ပါတီအဆင့်ဆင့် ညီလာခံ များကို အောက်ပါရည်ရွယ်ချက်များဖြင့် ကျင်းပသွာမည် ဖြစ်ကြောင်း——-

(က)    စနစ်ကျသော ခေါင်းဆောင်မှုကို တည်ဆောက်လေ့ကျင့်ပြီး ဦးဆောင်မှုနှင့် ကွက်ကဲမှုထိရောက်ရေး

(ခ)     ပါတီခေါင်းဆောင်မှု အခန်းကဏ္ဍမြင့်မားရေးနှင့် တညီတညွတ်တည်း လိုက်ပါဆောင်ရွက်ရေး

(ဂ)  ပါတီအတွင်း၌ ပါတီဝင်တစ်ဦးက ပါတီဗဟိုကော်မတီထံ အပြန်အလှန်တင်ပြချက်များ၊ အကြံပြချက် မျာနှင့် လက်တွေ့လုပ်ငန်းစဉ်များ ချမှတ်အကောင် အထည်ဖော်နိုင်ရေး၊

(ဃ)    ပါတီ၏ ရည်မှန်းချက်၊ မှုဝါဒ၊ ယုံကြည်ချက်၊ ခံယူချက်လုပ်ငန်းစဉ်တို့ကို ပါတီဝင်များမှ တစ်ဆင့် ပျံ့နှံ့စေရေး

(င)     ဒီမိုကရေစီကျင့်စဉ်နှင့် အညီ နိုင်ငံတော် အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြည်သူတစ်ရပ်လုံး ပါဝင်ဆောင်ရွက်နိုင်ရန် စည်းရုံးဆောင်ရွက်ရေး၊

(စ) ပါတီအထက်အဖွဲ့အစည်းအဆင့်ဆင့်၏ လမ်းညွန်မှုကို အောက်ခြေအဖွဲ့အစည်း အဆင့်ဆင့်တို့က တိကျစွာ ခံယူ၍ ပိုမိုထိရောက်သွက်လပ်စွာ အကောင် အထည် ဖော်ဆောင်ရေး တို့ကို ထည့်သွင်းဖော်ပြ ထားသည်။


Leave a Reply