အစိုးရသစ်လက်ထက် ဆောက်လုပ်မည့်လမ်းများ ငါးနှစ်မခံလျှင် အင်ဂျင်နီယာကို ထောင်ထဲပို့မည်ဟု ဆောက်လုပ်ရေးဝန်ကြီးပြော

13081804_1136480829709399_320826700_n

အစိုးရသစ်လက်ထက်တွင် တည်ဆောက်မည့် လမ်းများ ငါးနှစ်မတိုင်မီပျက်စီး ပါက တာဝန်ယူတည်ဆောက် သည့် အင်ဂျင်နီယာကို ထောင်ဒဏ်ချမှတ်သည်အထိ ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ဆောက်လုပ် ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင် က ကတိပေးပြောကြားသည်။ ‘‘ကျွန်တော်တို့ဒီနေရာကနေ ရဲရဲဝံ့ဝံ့အာမခံရဲတယ်။ ကျွန်တော်တို့ ဒီအစိုးရတက်ပြီးနောက်ပိုင်း လမ်းတစ်လမ်းဟာ ငါးနှစ်မှမခံရင် အဲဒီအင်ဂျင်နီယာကို ထောင်ထဲပို့ ပစ်လိုက်မယ်’’ဟု ဧပြီ ၃၀ ရက်က နေပြည်တော် – ရန်ကုန်အမြန် လမ်းပေါ်ရှိ မိုင်တိုင် (၁၇၃) ၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးဝင်းခိုင်က ပြောသည်။ တစ်နိုင်ငံလုံး၏ လမ်း၊တံတားများထဲမှ သုံးပုံနှစ်ပုံသည် ပြန်လည်ပြုပြင် တိုးချဲ့ရမည် ဖြစ်ပြီး လက်ရှိ ဆောက်လုပ်ရေး ၀န်ကြီးဌာနကို အကျိုးတူ ပူးပေါင်းလုပ်ကိုင်လိုသည့် ကုမ္ပဏီများလည်းကမ်းလှမ်းမှုရှိနေပြီ ဖြစ်ကြောင်း ဦးဝင်းခိုင်က ဆိုသည်။ ယခင်အစိုးရလက်ထက်၌ တည်ဆောက်ခဲ့သည့် လမ်း၊ တံတားများထဲတွင် တိုင်းဒေသကြီးများ၌ တည်ဆောက်ထားသည့် လမ်း၊တံတားများထက် ပြည်နယ်များ တွင် တည်ဆောက်ထားသည့် လမ်း၊ တံတားများက ပိုမိုအရည် အသွေးကောင်းမွန်မှု ရှိသည်ဟု ပြည်ထောင်စု ၀န်ကြီးက ဆက်လက်ပြောကြားသည်။ ယခုကဲ့သို့ တာဝန်ယူဆောင်ရွက်သည့် အင်ဂျင်နီယာကို အရေး ယူခြင်းထက် ကန်ထရိုက်စနစ်ဖြင့် အစိုးရထံမှ ရယူတည်ဆောက်သည့် ကုမ္ပဏီကိုသာ တာဝန်ယူ ခိုင်းသင့်ပြီး အရည်အသွေးနိမ့်ကျ ပါက အရေးယူသင့်ကြောင်း ပုဂ္ဂလိကဆောက်လုပ်ရေးကုမ္ပဏီ တစ်ခုမှလမ်း၊ တံတားဆိုင်ရာ ကျွမ်းကျင်အင်ဂျင်နီယာ တစ်ဦးက သုံးသပ်ပြောကြားသည်။ ထို့အပြင် လမ်းအသုံးပြုသူ များကလည်း သတ်မှတ်ထားသည့် စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာပြီး မောင်းနှင်မှသာ လမ်း အရည်အသွေးကို ထိန်းသိမ်းနိုင် မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ မြန်မာတစ်နိုင်ငံလုံးတွင် လမ်းပိုင်းပေါင်း ကီလိုမီတာ လေးသောင်းကျော်ရှိပြီး အများစုကို ပြန်လည် ပြင်ဆင်ရန် ဘဏ္ဍာငွေ အခက်အခဲရှိသည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုထားသည်။ လမ်းနယ်နိမိတ်တိုးချဲ့ရာတွင် အမြန်လမ်းမကြီးလေးလမ်း သွားနှင့်အထက်ကို အကျယ်ပေ ၄၀၀၊ နိုင်ငံ တကာဆက်သွယ်ရေးလမ်းများ လေးလမ်းသွားနှင့် အထက်ကို အကျယ်ပေ ၃၀၀၊ ပြည်ထောင်စုလမ်းမကြီးကို ပေ ၁၅၀ အစရှိသဖြင့် လမ်းနယ်နိမိတ် များ တိုးချဲ့ မည် ဖြစ်ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ အထူးသဖြင့် အစိုးရဟောင်းလက်ထက်က တည်ဆောက်ခဲ့သည့် လမ်းဟောင်း များ၊ အင်္ဂလိပ်လက်ထက်က ဖောက်လုပ်ခဲ့ သည့် မြန်မာနိုင်ငံရှိ အထင်ကရလမ်းမကြီးများ၌ အဆိုပါစနစ်နှင့် ကိုက်ညီရန် တိုးချဲ့ရမည် ဖြစ်ကြောင်း ပြီးခဲ့သည့် လွှတ်တော်သက်တမ်းအတွင်း ကိုယ်စားလှယ်များ ဆွေးနွေးထားသည်။


Leave a Reply