လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ၌ ဗိုလ်စွဲရန် ရည်မှန်းထားကြောင်း မြန်မာအသင်းနည်းပြ ပြော

10885367-480904442077955-3685263195784210062-n

၂၀၁၆ အာဆီယံ ဆူဇူကီးဖလား ဘောလုံးပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးသည် မြန်မာအသင်း၏ ဦးစားပေး ရည်မှန်းချက် ဖြစ်သော်လည်း ဇွန်လအတွင်း ကျင်းပမည့် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ၌ ဗိုလ်စွဲရန် ကြိုးပမ်းမည်ဟု နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်က ပြောသည်။

‘‘လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲက မြန်မာနိုင်ငံမှာ ကျင်းပတာပါ။ ဒါကြောင့် မြန်မာအသင်းပဲ ဗိုလ်စွဲရမယ်လို့ ခံယူထားပါတယ်။ ဒါပေမဲ့ ပါဝင်တဲ့အသင်းတွေက မြန်မာထက် အဆင့်မြင့်တဲ့ အသင်းတွေပါ။ ဒီအချိန်မှာ မြန်မာ အသင်းအနေနဲ့ ကိုယ့်ထက် အင်အားကြီးအသင်းတွေကို နိုင်ပွဲရအောင် ကစားနိုင်ပြီလားဆိုတာလည်း စမ်းသပ်ခံရမယ့် အနေအထားမှာရှိပါတယ်’’ဟု မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် က ဆိုသည်။

လေးနိုင်ငံ ဖိတ်ခေါ်ဖလား ပြိုင်ပွဲကို ဇွန်လပထမပတ်အတွင်း ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ကျင်းပမည်ဖြစ်ပြီး ဟောင်ကောင်၊ စင်ကာပူနှင့် ဗီယက်နမ်အသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ပြိုင်ပွဲဝင်အသင်းများမှာအသင်း ကောင်းများဖြစ်၍ အသင်းလိုက် ကြိုးစားအားထုတ်မှုဖြင့် ပြိုင်ဘက်များကို အနိုင်ယူနိုင်မည်ဟု မြန်မာအသင်းနည်းပြက ယုံကြည်ထားသည်။

‘‘လောလောဆယ်မှာ ပြိုင်ဘက်သုံးသင်းစလုံးက မြန်မာအသင်းထက် တစ်ဦးချင်းရော၊ အသင်းလိုက်ပါ ကောင်းမွန်တဲ့ အသင်းတွေပါ။ ဒါပေမဲ့ မြန်မာအသင်းရဲ့ အသင်းလိုက်စုစည်း ကစားတတ်မှုနဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကြောင့် ဒီအသင်းတွေကို အနိုင်ကစားနိုင်ပါလိမ့်မယ်’’ ဟု ဂျာမနီနိုင်ငံသား ဂတ်ဖရိုင်းဒရစ် က ပြောသည်။

မြန်မာအသင်းသည် လေးနိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲမတိုင်မီ မေလ ၁ ရက်တွင် မြန်မာလိဂ် ညွန့်ပေါင်းအသင်း (မြန်မာလိဂ်၌ ကစားနေသည့် ပြည်ပကစားသမားများဖြင့် ဖွဲ့စည်းထားသည့် အသင်း)၊ မေလ ၂၈ ရက်တွင် မလေးရှားလက်ရွေးစင် အသင်းတို့နှင့် သုဝဏ္ဏကွင်း၌ ခြေစမ်းကစားမည်ဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ရန်ကုန်၌ ကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲအတွက ပွဲစဉ်ဇယား အတိအကျ ရေးဆွဲရခြင်း မရှိသေးပေ။ ဗိုလ်စွဲသည့် အသင်းကို ဆုကြေးချီးမြှင့် နိုင်ရန် ပံ့ပိုးပေးမည့် စပွန်ဆာရှာဖွေနေကြောင်း အဖွဲ့ချုပ် တာဝန်ရှိသူ တစ်ဦးက ပြောသည်။

(7Day Daily)


Leave a Reply