အိန္ဒိယတွင် နှစ် ၄၀ အတွင်း အဆိုးဆုံးမိုးခေါင်မှု ရင်ဆိုင်နေရ

Fatima Mulani uses a hand-pump to collect water at a Primary Health Centre in Latur, April 16, 2016. REUTERS/Danish Siddiqui

အိန္ဒိယနိုင်ငံမှာ နှစ် ၄၀ အတွင်း အဆိုးဆုံး မိုးခေါင်မှုကို ရင်ဆိုင်နေရလို့ ကောက်ပဲသီးနှံတွေ ပျက်စီးပြီး မွေးမြူရေး တိရစ္ဆာန်တွေ သေဆုံးခဲ့သလို ဆည်တွေလည်း ရေခန်းခြောက်ကုန်ပါတယ်။ နိုင်ငံတွင်း အချမ်းသာဆုံး ပြည်နယ်ဖြစ်တဲ့ အနောက်ပိုင်းက မဟာရတ်ရှ်တျာ ပြည်နယ်မှာ မြို့နေလူတွေနဲ့ စက်မှုလုပ်ငန်းတွေအတွက် ရေပံ့ပိုးမှု ပြတ်တောက်ခဲ့ ပါတယ်။

သန်းနဲ့ချီတဲ့လူတွေဟာ ရေခပ်ဖို့ နွေအပူအောက်မှာ နာရီနဲ့ချီပြီး ရပ်စောင့်ခဲ့ရတာပါ။ အခုတော့ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံတွေ ရပ်လိုက်ရပါပြီ။ ပြည်နယ်ဝန်ကြီးချုပ်က မွမ်ဘိုင်းမြို့ အရှေ့တောင်ဘက် မိုင် ၃၀၀ အကွာက မိုးခေါင်ဒဏ်ခံ လာတိုရ်မြို့ဆီ ရေတွဲ ၅၀ ပါတဲ့ ရထားနဲ့ ရေဖြန့်ဖြူးပေးခဲ့ပါတယ်။

ဒါပေမယ့် မြို့နေလူဦးရေ ၅ သိန်းနဲ့ ဒေသတွင်း လူဦးရေ ၁၉ သန်းအတွက် လိုအပ်ချက်နဲ့ စာရင် အင်မတန် နည်းပါးနေတာပါ။ လာမယ့် ၂ လအတွင်း ရေရှားမှု ပိုဆိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။ နွေအပူချိန်က ၄၀ ဒီဂရီ စဲလ်စီးယပ်စ်ထိ ရောက်နေလို့ ဆည်တွေက ရေငွေ့ပျံနှုန်းကို မြင့်တက်စေပြီး ဆည်တွေ ရေခန်းလာနေတာပါ။

ရာသီဥတု ပြောင်းလဲမှုနဲ့ လူဦးရေ တိုးနှုန်းကြောင့် ရေအရင်းအမြစ်တွေ ရှားပါးပြတ်လပ်လာတာလို့ အိန္ဒိယအစိုးရက အသိအမှတ်ပြု  ပြောဆိုပါတယ်။ သဘာဝထိန်းသိမ်းရေး မြစ်တွေနဲ့ ဆက်စပ်နေတဲ့ ရေဝေကုန်းတန်းတွေ စီမံခန့်ခွဲမှုနဲ့ မိုးခေါင်မှု စီမံရေး ဆည်မြောင်းစနစ်ကို တိုးမြှင့်ဖို့ အာရုံစိုက်နေပါတယ်။

သဘာဝပတ်ဝန်းကျင်ဝန်ကြီး ပရာကဲ့ရှ် ဂျာဗာဒေကာက အိန္ဒိယဟာ မိုးခေါင်မှု နှစ် ၃၀ လောက် ခံခဲ့ရလို့ ဒီအရေးကို ရေလမ်းကြောင်း စီမံခန့်ခွဲတာနဲ့ ရေသုံးစွဲမှု ပိုထိရောက်အောင် လုပ်တာတွေကနေတဆင့် ကိုင်တွယ်သွားမယ်လို့ ပြောပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၁၇ ရာခိုင်နှုန်းရှိတဲ့ အိန္ဒိယနိုင်ငံမှာ ကမ္ဘာ့ရေချို အရင်းအမြစ် ၄ ရာခိုင်နှုန်းပဲ ရှိနေပါတယ်။

ရေအရင်းအမြစ် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူတွေကတော့ ပြည်နယ်အတွင်း ရေသုံးများတဲ့ ဘီယာနဲ့ သကြားစက်ရုံတွေကို ထိန်းချုပ်ဖို့ စောစောစီးစီး အရေးယူဆောင်ရွက်မှု မရှိခဲ့ဘူးလို့ ပြောပါတယ်။ ခြောက်သွေ့တဲ့ ဒေသအတွင်း မြေဆီလွှာကနေ ရေစုပ်ယူမှုများတဲ့ ကြံပင်တွေကို အမြန် တိုးချဲ့စိုက်ပျိုးခဲ့ပြီး သကြားစက်ရုံတွေကလည်း သောက်သုံးရေ ဖြန့်ဖြူးဖို့ ရည်ရွယ်ထားတဲ့ ခန်းခြောက်လာနေတဲ့ ဆည်တွေထဲက ရေတွေကို သုံးခဲ့ပါတယ်။ အခုတော့ ပြည်နယ်အစိုးရက ကြံစိုက်ပျိုးမှု ကန့်သတ်ဖို့ အဆိုတင်သွင်းထားပါတယ်။ ဒါ့အပြင် မာရာသွာဒါဒေသမှာ သကြားစက်ရုံသစ် တည်ဆောက်မှုကို ၅ နှစ် ပိတ်သိမ်းဖို့ အဆိုပြုထားပါတယ်။

(ရိုက်တာ)


Leave a Reply