ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ချင်းပြည်နယ် မဲဆွယ်စည်းရုံးရေး စတင်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဥက္ကဋ္ဌ ဦးသန်းဌေး ချင်းပြည်နယ် မဲဆွယ် စည်းရုံးရေး ခရီးစဉ် စတင်ဖို့အတွက် မတ်လ ၂၁ ရက်နေ့က ကလေးမြို့ကို ရောက်ရှိခဲ့ပါတယ်။

“ပါတီဥက္ကဋ္ဌလာတာ တခြားကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှမရှိပါဘူး။ အဓိက မဲဆွယ်စည်းရုံးရေး အတွက် ချင်းပြည်နယ်ကို လာတာ။ ချင်းပြည်နယ် ဟားခါး ဖလမ်း ထန်တလန်ဘက်ကို သွားမှာ”လို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်မှုဆောင် ဦးခင်မောင်သန်းက ပြောပါတယ်။

ဗဟိုပါတီဥက္ကဋ္ဌအနေနဲ့ ချင်းပြည်နယ်ခရီးစဉ်ကို ဒီနေ့ မနက် ၇ နာရီမှာ ကလေးမြို့ကနေ စတင် ထွက်ခွာခဲ့ပြီး ဒီနေ့ခရီးစဉ်အဖြစ် ချင်းပြည်နယ် ဟားခါးမြို့ထိ သွားရောက်မှာ ဖြစ်ပါတယ်။

ချင်းပြည်နယ်အနေနဲ့ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်ငံတော် ဒုတိယသမ္မတ ဟင်နရီ ဗန်ထီးယူရဲ့ ထန်တလန် မဲဆန္ဒနယ် တခုထဲသာ လစ်လပ်မဲဆန္ဒနယ်အဖြစ် ရှိနေပါတယ်။

ပြည်ခိုင်ဖြိုးပါတီဗဟိုဥက္ကဋ္ဌ ဦးသန်းဌေးရဲ့ ချင်းပြည်နယ် ခရီးစဉ်ဟာ တတိယမြောက် ခရီးစဉ်ဖြစ်ပြီး ယခုလအတွင်း ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် စည်းရုံးရေး ခရီးစဉ်တွေကိုလည်း သွားခဲ့တယ်လို့ သိရပါတယ်။

ချင်းပြည်နယ် ထန်တလန် လစ်လပ် မဲဆန္ဒနယ်မှာတော့ ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီက ကိုယ်စားလှယ် သုံးဦး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးလင်းကျော်က ပြောပါတယ်။

သတင်း – မင်းရဲစစ်နိုင်

By ဒီဗွီဘီ