ကြားဖြတ် ရွေးကောက်ပွဲအတွက် လုံခြုံရေး တင်းကျပ်မည်

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ၌ မလိုလားအပ်သည့် ပဋိပက္ခများနှင့် အကြမ်း ဖက်မှုများ မဖြစ်ပွားစေရန် လုံခြုံရေး တင်းကျပ်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ  မြို့နယ် ၁၁ ခုတွင် ပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီးရှိ ရဲအင်အား ထက်ဝက်ခန့်ကို အသုံးပြုသွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

“မတ်လ ၃၀ ရက် မဲဆွယ်ကာလ အချိန်ကစပြီး ဧပြီ ၁ ရက်နေ့ ဆန္ဒမဲပေးပြီးဆုံးချိန်အထိ လုံခြုံရေးကို အထူးတင်းကျပ် ဆောင်ရွက်သွားမှာပါ၊ မဲရုံလုံခြုံရေး စီမံချက်တွေကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့နဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ရဲမှူးချုပ်မြဝင်းက ပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် မြို့နယ် ၁၁ ခုမှာ လမ်းမတော်၊ လသာ၊ အလုံ၊ ကြည့်မြင်တိုင်၊ ကမာရွတ်၊ လှိုင်၊ ဆိပ်ကမ်း၊ ကော့မှူး၊ လှိုင်သာယာ၊ ဒဂုံဆိပ်ကမ်းနှင့် ဒဂုံအရှေ့မြို့နယ်များဖြစ်ပြီး ယင်းမြို့နယ်များတွင် ဖွင့်လှစ်မည့် မဲရုံစုစုပေါင်း ၉၄၂ ရုံအတွက် ရဲတပ်ဖွဲ့က လုံခြုံရေး ဆောင်ရွက်သွားမည် ဖြစ်သည်။

“လှိုင်သာယာဆို လူဦးရေ ထူထပ်ပြီး မဲရုံက တစ်ရာကျော် ရှိနေတာကြောင့် ဒီလိုနေရာမျိုးတွေမှာ တိုင်း ရဲတပ်ဖွဲ့နဲ့ ရဲတပ်ရင်းက တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ပေးသွားမှာပါ၊ ပြည်သူတွေ စိတ်အေးချမ်းသာစွာ မဲပေးနိုင်ဖို့ ရပ်ကွက်တွေထဲမှာ မဲဆွယ်ဆိုင်းဘုတ်တွေ မထောင်ဖို့ လော်စပီတွေ မဖွင့်ဖို့ ဆောင်ရွက်သွားမယ်၊ မဲရုံအနီးမှာ ဆူပူရမ်းကားမှုတွေ မဖြစ်ရအောင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သက်ဆိုင်ရာ မြို့နယ်အလိုက် မဲရုံတွေမှာ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ရဲမှူးချုပ် မြဝင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော်အတွက် ၄ နေရာနှင့် အမျိုးသားလွှတ်တော်အတွက် ၁ နေရာ လစ်လပ်လျက်ရှိပြီး ယင်းနေရာများအတွက် မြို့နယ် ၁၁ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မဲရုံ အရေအတွက် များပြားသောကြောင့် တပ်ဖွဲ့ဝင် အင်အား မလုံလောက်သဖြင့် ရပ်ကွက်အလိုက် အထူးရဲတပ်ဖွဲ့ဝင်များကို နိုင်ငံတော်၏ ဘတ်ဂျက်ဖြင့် လစာပေး၍ ယာယီ ခန့်အပ်ခဲ့ပြီး မဲရုံ တစ်ရုံလျှင် တစ်ယောက်နှုန်းဖြင့် လုံခြုံရေး ဆောင်ရွက်စေခဲ့သည်။ # The Voice