“၂၀၁၆ခုနှစ်ရဲ့ UEFA အကောင်းဆုံးအသင်းထုတ်ပြန်”

ဥရောပဘောလုံးအဖွဲ့ချုပ် UEFAက ရွေးချယ်တဲ့ ၂၀၁၆ခုနှစ် အကောင်းဆုံး အသင်းကို ထုတ်ပြန်ကြေငြာခဲ့ရာ လက်ရှိ ချန်ပီယံလိဂ် ချန်ပီယံ ရီးယဲယ် မက်ဒရစ် အသင်းက ၄ဦးနဲ့ အများဆုံးပါဝင်လာခဲ့ပါတယ်။

 

ရီးယဲယ်အသင်းက ရာမို့စ်၊ မိုဒရစ်၊ တိုနီခရုဇ်နဲ့ ရော်နယ်လ်ဒိုတို့ပါဝင်ခဲ့ကြတာဖြစ်ပြီး ဘာစီလိုနာက မက်ဆီ၊ အင်နီ ယေစတာ၊ ပီကေးတို့ပါဝင်ခဲ့ကြပါတယ်။ ယူရိုပြိုင်ပွဲမှာ ခံစစ်ပုံစံ အကောင်းဆုံးပြခဲ့ကြတဲ့ အီတလီက ဂိုးသမား ဘူဖွန်နဲ့ ဘိုနူချီတို့ရွေးချယ်ခံ ခဲ့ရပြီး ဘိုင်ယန်က ဘိုတန်လည်းပါဝင်လာခဲ့ပါတယ်။

ချန်ပီယံလိဂ်နဲ့ ယူရိုဖိုင်နယ်တက်ခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး အန်တွန် ဂရီးဇ်မန်းက မက်ဆီ၊ ရော်နယ်လ်ဒိုတို့နဲ့အတူ တိုက်စစ်မှူး ၃ဦးနေရမှာ ရွေးချယ်ခံခဲ့ရပါတယ်။

ဥရောပ အကောင်းဆုံး ဘောလုံးအသင်းကို ၄-၃-၃ပုံစံနဲ့ နှစ်စဉ် ဥရောပ ဘောလုံးအဖွဲ့ချုပ်ရဲ့ တရားဝင် ၀က်ဆိုဒ် ကနေ ပရိသတ်တွေက ရွေးချယ်ကြတာဖြစ်ပါတယ်။

ဒီနှစ်ရဲ့ အကောင်းဆုံး အသင်းမှာ ဥရောပရဲ့ ထိပ်သီးလိဂ် ၄ ခုထဲ ပရီးမီးယားလိဂ်က တစ်ဦးမှ ရွေးချယ်ခြင်း မခံရဘဲ လာလီဂါ၊ စီးရီးအေနဲ့ ဘွန် ဒက်စ်လီဂါတို့က ကစားသမားတွေသာ ပါဝင်ခဲ့ကြပါတယ်။

Ref :  UEFA