မြန်မာအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲတွင် နိုင်ငံ ၂၅ နိုင်ငံမှ ကစားသမား ၁၀၀ ကျော်ပြိုင်မည်

၂၀၁၇ မြန်မာအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပြည်ပ နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ကစားသမား ၁၀၀ ကျော် လာရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ပထမဆု အမေရိကန်ဒေါ်လာ ၁၃၅,၀၀၀ ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ဇန်န၀ါရီ ၂၆ ရက်မှ ၂၉ ရက်အထိ မင်္ဂလာဒုံဂေါက်ကလပ်ကွင်း၌ ကျင်းပမည့် အဆိုပါပြိုင်ပွဲတွင် အာဆီယံဒေသတွင်း ဂေါက် သီးချန်ပီယံများ အပါအ၀င် ဂျပန်နိုင်ငံမှ ဂေါက်သီးရိုက်ချန်ပီယံများ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။

 

ပြိုင်ပွဲကို အိမ်ရှင်မြန်မာမှ ကစားသမား ၁၄ ဦး ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး မြန်မာကစားသမားများ ယင်းပြိုင်ပွဲ တွင် အဆင့်သတ်မှတ်ချက် ကောင်းမွန်ပါက နိုင်ငံတကာ ပရော်ဖက်ရှင်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲများသို့ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းပြိုင်ပွဲကို Asian Tour နှင့် Japan Tour တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်ပြီး ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီ Leopalace 21 က အဓိကပံ့ပိုးကူညီခြင်းဖြစ်ကာ ပြိုင်ပွဲအတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ တစ်သန်း ခန့်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာအိုးပင်းဂေါက်သီး ရိုက်ပြိုင်ပွဲကို ၁၉၉၆ က စတင်ကျင်းပခဲ့ပြီး လာမည့် ၂၀၁၇ ပြိုင်ပွဲသည် (၁၄)ကြိမ်မြောက် ပြိုင်ပွဲဖြစ်သည်။ ယင်းပြိုင်ပွဲကို အဓိကထောက်ပံ့ပေးသည့် ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီနှင့် မြန်မာနိုင်ငံ ဂေါက်သီး အဖွဲ့ချုပ်သည် မြန်မာအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲကို သုံးနှစ်ဆက်ကျင်းပရန် စီစဉ်ထားပြီး ၂၀၁၇ ပြိုင်ပွဲမှာ ဒုတိယ မြောက်ပြိုင်ပွဲဖြစ်သည်။

၂၀၁၇ မြန်မာအိုးပင်းဂေါက် သီးရိုက်ပြိုင်ပွဲ တစ်ခုလုံးအတွက် ချီးမြှင့်မည့်ဆုကြေးမှာ ကန်ဒေါ်လာ ၇၅၀,၀၀၀ ရှိ ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၁၆ မြန်မာအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ကစားသမား ၁၄၄ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး တောင်အာဖရိကနိုင်ငံသား နောရစ်က ဗိုလ်စွဲခဲ့သည်။

ယင်းပြိုင်ပွဲတစ်လျှောက် မြန်မာဂေါက်သီးရိုက် ကစားသမားများ ဗိုလ်စွဲဖူးခြင်းမရှိသေးဘဲ ပြည်ပနိုင်ငံများမှ ကစား သမားများကသာ ဗိုလ်စွဲထားသည်။ ပြိုင်ပွဲတစ်လျှောက်တွင် ထိုင်းပရော်ဖက်ရှင်နယ် ဂေါက်သီးကစားသမား သောင်ချိုင်းဂျိုက်ဒီးက နှစ်ကြိမ်ဗိုလ်စွဲထားပြီး အအောင်မြင်ဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။