ပြန်လည်သင့်မြတ်ရေးညီညွတ်ရေးငြိမ်းချမ်းရေး ပြည်ထောင်စုဖွံ့ဖြိုးရေး ပြည်ထောင်စုထာဝရတည်မြဲရေးတို့ကို ပြည်ထောင်စု စိတ်ဓာတ်ဖြင့်သာ ဖော်ဆောင်နိုင်သည်

ပြည်တွင်းငြိမ်းချမ်းရေးသည် ပြည်ထောင်စု မြန်မာနိုင်ငံဖွားတိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ကမ္ဘာဦးလူများ နေနှင့်လကိုတောင့်တကြသကဲ့သို့ တောင့်တကြသည်။ ပြည်တွင်းငြိမ်းချမ်းမှသာ နိုင်ငံတော်တည်တံ့ခိုင်မြဲမည်၊ ဖွံ့ဖြိုးတိုးတက်မည်၊ ပြည်သူတို့ ကောင်းကောင်းနေ၊ ကောင်းကောင်းအိပ်၊ ကောင်းကောင်းသွားလာ၊ ကောင်းကောင်း အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ လုပ်နိုင်ကြ မည်ဖြစ်သောကြောင့် ပြည်သူတို့က ငြိမ်းချမ်းချင်ကြပြီ။
ပြည်တွင်းငြိမ်းချမ်းရေးဟူသော စကားရပ်သည် ပြည်တွင်းမငြိမ်းချမ်းသောကြောင့်၊ ဆူပူဆန့်ကျင်ပြီး အချင်းချင်းတိုက်ခိုက်သတ်ဖြတ်ရင်း ပြည်တွင်းစစ်ကြီး ဖန်တီးနေခဲ့ ကြသောကြောင့် ဆယ်စုနှစ်များစွာ အေးအေးချမ်းချမ်းမနေကြရ။ ပြည်သူတို့အသက်ကို ဖက်နှင့်ထုပ်ကာ ဟိုပြေးသည်လွှား နေခဲ့ကြရသောကြောင့် ပြည်သူတို့က ငြိမ်းချမ်းလိုကြခြင်းဖြစ်သည်။

14088512_636544846515030_8846314805813986226_n


မြန်မာနိုင်ငံသည် ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့် ကြငှန်းဖြင့် တင့်တယ်ခံ့ညားစွာနေခဲ့သော နိုင်ငံ ဖြစ်သည်။ တကောင်း၊ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ၊ ပုဂံ၊ စစ်ကိုင်း၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင်ခေတ်များတွင် မြန်မာတို့သည်စာပေ၊ ဂီတ၊ ပန်းချီပန်းပုစသည့် ပန်း ၁ဝမျိုး အနုပညာ၊ ဗိသုကာပညာ၊ အုပ်ချုပ် ရေးနှင့် ဥပဒေပြုရေးပညာရပ်များကို ကိုယ်တိုင် တီထွင်ရယူခဲ့သောလူမျိုးဖြစ်သည်။ မြန်မာတို့၏ ဂုဏ်ယူဖွယ်ရာ ပုည(ရှေးအတိတ်) သမိုင်းကား မာနတံခွန် ထူလောက်ခဲ့ပေသည်။ တကောင်းမှစတင်သော မြန်မာ့ထီးနန်းခေတ်ထက် စောသည့် လူ့ယဉ်ကျေးမှုတည်ဆောက်စ သမိုင်းဦးကျောက် ခေတ်ကတည်းကပင် ကမ္ဘာ့ယဉ်ကျေးမှုကို ပျိုးထောင်ရာ၌ မြန်မာကျောက်ခေတ်လူသားကြီးများ ပါဝင်ခဲ့သည်။ ပုံတောင်ပုံညာဒေသမှ တွေ့ရှိရသော ကျောက်ဖြစ်ရုပ်ကြွင်းများ၌ လူတူပရိုင်း မိတ်များလည်းပါခဲ့သည်။ ယင်းလူတူပရိုင်းမိတ် ကျောက်ဖြစ်ရုပ်ကြွင်းကို ကမ္ဘာ့အဆင့်မီကာဗွန် ဓာတ်ခွဲနည်းဖြင့် ခွဲကြည့်ခဲ့ရာ မြန်မာနိုင်ငံတွင် လွန်ခဲ့သောနှစ်သန်း ၄ဝ ကပင် မြန်မာလူသား လောင်းလျာများရှိနေကြောင်း သိလာရသည်။ ဤတွင် ‘ကမ္ဘာ့လူသားအစမြန်မာက’၊ ‘မြန်မာ အစပုံတောင်ပုံညာ’ကဟူ၍ မြန်မာတို့ဂုဏ်ယူဝင့် ကြွားစွာကြွေးကြော်နိုင်ခဲ့သည်။ ဤသို့ဖြင့် မြန်မာ့ ရှေးအတိတ်သမိုင်း(ဝါ) မြန်မာပြည်သားတို့၏ ဇာတိချက်ကြွေမွေးရပ်မြေဖြစ်သည့် ဤမြန်မာနိုင်ငံ၏ အတိတ်သမိုင်းသည် ဂုဏ်ယူလောက်ပေသည်။ မာနတံခွန်ထူလောက်ပေသည်။ထို့ကြောင့်လည်း ‘ဇာတိပုညဂုဏ်မာန’ဟူသော မြန်မာ့ဆိုရိုးစကား ပေါ်ထွန်း လာခဲ့သည်။
မြန်မာနိုင်ငံသည် ဥတုရာသီမျိုးစုံ၊ ရေမြေ သဘာဝမျိုးစုံရှိသည်။ ထို့ကြောင့် ဒေသခံတိုင်း ရင်းသားလူမျိုးလည်း ၁၃၅မျိုးအထိ ရှိခဲ့သည်။ အတူယှဉ်တွဲနေခဲ့ကြသည်။ ရေကောင်းသည်၊ မြေ ကောင်းသည်၊ ထို့ကြောင့် စိုက်ပျိုးရေးဖြစ်ထွန်းသည်။ လယ်၊ ယာ၊ ကိုင်း၊ ကျွန်းစသည့် စိုက်ပျိုး မြေများ၊ သဘာဝအလိုက် သင့်ရာသီနှံများစိုက် ပျိုးဖြစ်ထွန်းသည်။ အောက်မြန်မာနိုင်ငံတွင် ဆန် ရရှိစေသည့်စပါးကိုအဓိကစိုက်ကြသည်။ မကွေး၊ ပဲခူးဒေသများ၌ စပါးခင်း(လယ်ခင်း) များရှိသကဲ့ သို့ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ ပြောင်းစိုက်ပျိုးသော ယာမြေများရှိသည်။ မန္တလေးတိုင်းဒေသကြီးတွင် စပါးစိုက်လယ်ကွက်အတန်ငယ်ရှိပြီး ပဲမျိုးစုံ၊ နှမ်း၊ ဝါ၊ ပြောင်းစိုက်သောယာခင်းက ပို၍များပြား သည်။ ယခုအခါ ပြည်နယ်၊ တိုင်းဒေသကြီးများ၌ ဝမ်းစာစပါးများစိုက်လာကြသည်။ ဒေသထွက် သီးနှံခင်း၊ ဥယျာဉ်၊ ခြံမြေများလည်း ပေါများ သည်။ မြန်မာနိုင်ငံတွင် ထမင်းငတ်သေသော မသာမရှိဟု ရှေးရှေးဘိုးဘွား မြန်မာများပြော လေ့ရှိသည့်အတိုင်း မြန်မာနိုင်ငံ၌ ဆန်စပါးလုံ လောက်ရုံမက ပိုပိုလျှံလျှံရှိသည်။ စိုက်ရေအောင် ရေ၊ သောက်သုံးရေများကို ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်၊ ဂျိုင်းမြစ်၊ အတ္ထရံမြစ်၊ ကစ္ဆ ပနဒီမြစ်နှင့် မြစ်လက်တက်ကြီးများ၊ ချောင်းများ၊ လျှိုများ၊ အင်းများအိုင်များကပေါကြွယ်လှသည်။ လူလုပ်ရေတွင်း၊ ရေကန်၊ ရေလှောင်ကန်၊ ဆည် တမံများကလည်း နိုင်ငံအတွက်လိုအပ်သမျှဖြည့် ဆည်းနိုင်သော ရေအရင်းအမြစ်များဖြစ်သည်။ မြန်မာနိုင်ငံတွင်လက်မှုလယ်ယာအဆင့်မှ စက်မှု လယ်ယာအဆင့်သို့မြှင့်တင်ပေးကာ ဆည်တမံ၊ ရေထိန်းရေတံခါး၊ မြစ်ရေတင်စီမံကိန်း၊ စက်ရေ တွင်း၊ လက်ရေတွင်းများရှိလာအောင် တပ်မတော် အစိုးရနှင့်ပြီးခဲ့သောငါးနှစ်ပြည်ခိုင်ဖြိုးအစိုးရတို့ အားထုတ်ခဲ့သည်။ ထို့ကြောင့် နွေ၊ မိုး၊ ဆောင်း ဥတုသုံးလီစပါးကအစ အခြားကောက်ပဲသီးနှံများ သီးထပ်သီးညှပ်စိုက်နိုင်လာသည်။
မြန်မာ့မြေ၏ထက်ဝက်ခန့်ပေါ်တွင် အဖိုးတန် သစ်တောကြီးများ ဖုံးလွှမ်းနေသည်။ ကမ္ဘာကျော် မြန်မာ့ကျွန်းသစ်၊ ပျဉ်းကတိုးစသည့်သစ်မျိုးစုံ ပေါကြွယ်သည်။ မြန်မာ့ရေချိုရေငန်ဒေသ မြစ် ချောင်း၊ အင်းအိုင်၊ ပင်လယ်မြစ်တို့တွင် ငါးပုစွန် အလွန်ပေါများသည်။ အိမ်နီးချင်းပင်လယ်ရှိသော နိုင်ငံများကပင် မြန်မာ့ပင်လယ်ပြင်၌ ငါးလာဖမ်း နေကြသည်။ ပင်လယ်ပြင်အောက်မှ ရေနံသဘာဝ အရင်းအမြစ်များလည်းပေါကြွယ်လှသည်။ ကုန်း တွင်းရေနံ၊ သဘာဝဓာတ်ငွေ့၊ ပင်လယ်ပြင် သဘာဝဓာတ်ငွေ့တွင်းများက မြန်မာ့စီးပွားရေးကို ကြီးစွာထောက်ကူလျက်ရှိသည်။
မွေးမြူရေးပုလဲရတနာ၊ သဘာဝမြေအောက် သယံဇာတရတနာများဖြစ်သည့် ရွှေ၊ ငွေ၊ ကျောက်စိမ်း၊ နီလာ၊ ဂေါ်ကြိုး၊ ပတ္တမြားစသည် တို့ကလည်း ပြည်ထောင်စု မြန်မာနိုင်ငံတော်အား ဆင်မြန်းပေးနိုင်သော လက်ဝတ်ရတနာများဖြစ် နေပေသည်။ ပိုလျှံသမျှ ပြည်ပသို့ရောင်းချကာ မြန်မာ့ဘဏ္ဍာတော်တိုက်အတွင်းသို့ ဝင်ငွေများ စီးဝင်နေပေသည်။
စက်မှုကုန်ကြမ်းများဖြစ်သော ကြေးနီ၊ ကြေး ဝါ၊ သံရိုင်း၊ သံမဏိ၊ သွပ်၊ ခဲ၊ ခဲမဖြူ၊ သံဖြူ၊ အဖြိုက်နက်၊ ခနောက်စိမ်း၊ ကိုဘော့စသည့်မြေ ထွက်ဓာတ်သတ္တုများ၊ ဝါဂွမ်း၊ ဆီထွက်သီးနှံများ ဖြစ်သော မြေပဲ၊ နှမ်း၊ နေကြာစသည်တို့အပြင် ရော်ဘာ၊ ဂုန်လျှော်စသည့် စိုက်ပျိုးရေးထွက်ကုန် ကြမ်းများလည်း လှိုင်ပေါလယ်လေသည်။
နယ်ချဲ့အင်္ဂလိပ်တို့သည် ဘုံဘေဘားမား ကုမ္ပဏီထောင်ကာ မြန်မာ့ကျွန်းသစ်များထုတ်ယူ ရောင်းစားကာ သူဌေးသူကြွယ်ကြီးဖြစ်လာခဲ့သည်။ ဘားမား ကော်ပိုရေးရှင်းနှင့်တကွ မျက်နှာ ဖြူသတ္တုတွင်းလုပ်ငန်းများက မြေအောက်မှ ရွှေ၊ ငွေ၊ ကျောက်စိမ်း၊ ပတ္တမြားမှအစ စက်မှုကုန် ကြမ်းဓာတ်သတ္တုများဖြင့် ကမ္ဘာကျော်ဘောဂ သူဌေးကြီးဖြစ်သွားသည်။ အလားတူ ဘီအိုစီခေါ် အင်္ဂလိပ်ရေနံကုမ္ပဏီက မြန်မာ့ရေနံများဖြင့်သူဌေး သူကြွယ်ကြီးများဖြစ်သွားခဲ့သည်။ စတီးဘရား သား၊ ဘူလင်ဂျာပူးစသည့်မျက်နှာဖြူကုမ္ပဏီများ က မြန်မာ့စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံ၊ဆေးရွက် ကြီး၊ ပြောင်း၊ ရော်ဘာ၊ ဂုန်လျှော်စသည့်စိုက်ပျိုး ထွက်ကုန်များကို မြန်မာတို့ဆီမှဈေးနှိမ်ဝယ်၊ပြည်ပ သို့ဈေးတင်ရောင်းကာ ဧရာမသူဌေးကြီးများဖြစ် သွားသည်။ ထိုမျက်နှာဖြူစီးပွားရေး လုပ်ငန်းများ ၏ခေါင်းပုံဖြတ်၊ ကုပ်သွေးစုပ်မှုကြောင့် မြန်မာတို့ ဆင်းရဲမွဲတေခဲ့ရသည်။ ဤသို့ဖြင့် ကျေးလက် တောင်သူ၊ လယ်သမားများ အကြား၌

ဘုရားတန်ဆောင်း ပျားစွဲစပါးတစ်တောင်း ငါးပဲ
ကုလားနှာခေါင်း ဓားဝဲ ဟူသော တဘောင် ပေါ်လာပြီးမကြာမီ ဆရာစံခေါင်းဆောင်သော တောင်သူလယ်သမားအရေးတော်ပုံကြီးပေါ်ပေါက် လာခဲ့ရသည်။
ထိုသို့ ၁၂၃ နှစ်ကြာမြန်မာနိုင်ငံကိုကျူးကျော် သိမ်းပိုက်၊ ကျွန်ပြုဖိနှိပ်ကာ မြန်မာ့ဓနဥစ္စာမှန် သမျှလက်ကုန်နှိုက်ယူချမ်းသာသွားသော မျက်နှာ ဖြူအင်္ဂလိပ်တို့ကို မြန်မာကျေးလက်ပြည်သူတို့က ကုလားဖြူဟုခေါ်သည်။ ငွေတိုးကြီးစားကာလယ် သမားတို့လည်ပင်းညှစ်ခဲ့သော ချစ်တီးတို့ကြောင့် ထိုအိန္ဒိယမှလာသော စီးပွားရေးသမားများကို ကုလားမည်းများဟု ခေါ်ခဲ့ကြသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့မြေပုံတွင်ကြည့်က သေးငယ်သောအကွက်ကလေးတစ်ခုအဖြစ်သာ မြင်တွေ့နိုင်ပေသည်။ သမိုင်းကြောင်း၊ ဂုဏ်ထူး ဝိသေသ၊ ရေမြေ သဘာဝသယံဇာတ ဓနဥစ္စာ၊ ရိုးရာယဉ်ကျေးမှုအဆောက်အအုံ၊ ပတ္တမြား၊ ပုလဲ၊ နီလာ၊ ကျောက်စိမ်း၊ ရွှေတွင်း၊ ငွေတွင်းတို့အရာ ၌မူ ကမ္ဘာ့ဧရာမနိုင်ငံကြီးများကပင် သွားရည်ကျ လောက်အောင်ကြွယ်ဝပါသည်။ ကိုလိုနီကျွန်ဘဝ ၁၂၃ နှစ်ကြာကာလ၌ မြန်မာတို့ ချမ်းသာနိုင်ပါ လျက်မွဲပြာကျပြီး တိုင်းခြားသားနယ်ချဲ့တို့ ရွှေ တွဲလွဲ၊ ငွေတွဲလွဲ၊ စိန်တစ်ရစ်၊ ပတ္တမြားတစ်ရစ် ချမ်းသာသွားခဲ့သည်။ ထို့ကြောင့် မြန်မာ့ရေ၊ မြန်မာ့မြေ၊ မြန်မာ့သယံဇာတများကို မြန်မာတို့ ပြန်ပိုင်အောင် လွတ်လပ်ရေး တိုက်ပွဲကို အသက် သွေးချွေးရင်း၍ဆင်နွှဲကာ လွပ်လပ်ရေးအရယူခဲ့ သည်။
လွတ်လပ်ပြီဆိုသည်နှင့် လွတ်လပ်လာသော မြန်မာအားလုံးနယ်ချဲ့အင်္ဂလိပ်တို့ ချမ်းသာသွား သလို၊ ချမ်းသာကြရမည့် မြန်မာတို့အလှည့်ကို ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှစ၍ ရောက် ခဲ့သည်။ မြန်မာတိုင်းက မိမိတို့ချမ်းသာကြတော့ မည်။ လွတ်လပ်ရေးအရသာ၊ နိုင်ငံတော်၏အသီး အပွင့်များကို မိမိတို့တပျော်တပါးခံစား စံစားကြရ တော့မည်ဟု အမျှော်ကြီးမျှော်၊ အပျော်ကြီးပျော် ခဲ့ကြသည်။
ဝိုင်အမ်ဘီသခင်တင်ရေးစပ်သည့်’တကောင်း အဘိရာဇာတို့ ဗမာသာကီမျိုးဟာမို့ မညှိုးဂုဏ် တေဇာ’ အစချီတို့ဗမာသီချင်းတွင်ပါသော စာသား ‘ငါတို့ကံခေ ဖြစ်ရပြန်သလေ’ ဆိုသောအပိုဒ်ကဲ့ သို့ လွတ်လပ်လာပါမှ မြန်မာတို့ ကံခေရပြန်၏။ လွတ်လပ်ရေးရပြီးသည်နှင့် လက်ဝဲလက်ယာစ သည့် ပြည်ပကဝင်လာသော နိုင်ငံရေးဝါဒများ၊ ပြည်ပမှနယ်ချဲ့သမားတို့၏ ဖြားယောင်းမြူဆွယ်၊ သွေးခွဲပင့်မြှောက်ပေးချက်အရလွတ်လပ်ရေးရပြီးစ မြန်မာနိုင်ငံတွင် သူပုန်မျိုးစုံထခဲ့ကြ၊ သူပုန်ချင်း လည်းတိုက်၊ ပြည်ပကျူးကျော်သောင်းကျန်းသူ တရုတ်ဖြူ၊ မူဂျာဟိန်းတို့ကဝင်နှောက်ကာ ပြည် တွင်းစစ်မီးလောင်မြိုက်ခဲ့သည်။ ထိုပြည်တွင်းစစ် မီးကို ယနေ့တိုင် ငြှိမ်းသတ်နေရဆဲဖြစ်သည်။
ပြည်တွင်းစစ်ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးရေးလုပ် ငန်းများမလုပ်နိုင်၊ စီးပွားရေးအခြေခံအဆောက် အအုံများမဆောက်နိုင်၊ ပါတီဂိုဏ်းဂဏဝါဒချင်း ကွဲကြ၊ ဝါဒတူချင်း လည်း ထပ်ကွဲကြနှင့် ပြည်သူတို့ ဒုက္ခပင်လယ်ဝေခဲ့သည်။ ဖဆပလအစိုးရ ဝန်ကြီးချုပ်ဦးနုလည်း အထွေထွေလွတ်ငြိမ်းချမ်း သာခွင့်အမိန့်များထုတ်ပြန်၊ အာဃာတ မထားရေး၊ သင်ပုန်းချေရေးဥပဒေထုတ်ပြန်ပြီး တောတွင်း သူပုန်အကြီးစားသခင်သန်းထွန်း၏ ဗကပကွန်မြူ နစ်များနှင့် တွေ့ဆုံဆွေးနွေး ပြေလည်ရန်ကြိုးစားခဲ့သည်။ တော်လှန်ရေးကောင်စီ၊ လမ်းစဉ်ပါတီ ခေတ်တွင်းလည်း အထွေထွေလွတ်ငြိမ်းချမ်းသာ ခွင့်အမိန့်ကြီး နှစ်ကြိမ်ထုတ်ကာ တောတွင်းအဖွဲ့အားလုံးကို ဖိတ်ကြားဆွေးနွေးခဲ့သည်။ ဦးနုခေတ် တွင် ရဲဘော်ဖြူခေါ် တောခိုပြည်သူ့ရဲဘော်အား လုံး အလင်းပြန်ဝင်သည်။ တော်လှန်ရေးကောင်စီ လက်ထက်တွင်ျွုဃ ခေါ် မုဆိုးကော့ကဆာစော ဟန်တာသာမွှေး၏ ကရင့်တော်လှန်ရေးကောင်စီ တစ်ဖွဲ့တည်းသာ ဥပဒေဘောင်တွင်းဝင်လာသည်။ ကျန်အဖွဲ့များက ဖဆပလ အစိုးရ တော်လှန်ရေးကောင်စီနှင့် လမ်းစဉ်ပါတီတို့သည် နိုင်ငံရေးအခက်အခဲ အကျပ်အတည်းတွေ့နေသောကြောင့်သာ မိမိတို့ကို ဥပဒေတွင်းပြန်ဝင်လာရန် ဖိတ်ခေါ်ခြင်း ဖြစ်မည်။ သူတို့မလုပ်တတ်မကိုင်တတ် ကြ၍သာတို့ကို ပင့်ခေါ်နေခြင်းဖြစ်မည်ဟု ယူဆကာ တက်ဈေးတောင်း၊ နိုင်ငံရေးဈေးတင် ဈေးဆစ်နေခဲ့ကြ၍ ငြိမ်းချမ်းရေးမရခဲ့ပေ။ ဖက်ဒရယ် မူအကြောင်းပြု၍ စော်ဘွားတစ်ခုပယောဂ၊ ပြည်ပ နယ်ချဲ့နိုင်ငံရေးတို့၏ ပယောဂဖြင့် သောင်းကျန်းသူ တောတွင်းလက်နက်ကိုင် အဖွဲ့ အများအပြားပင် တိုးလာခဲ့သည်။
၁၉၈၈ မှ ၂ဝ၁ဝ တွင် တပ်မတော်က နိုင်ငံ တော်ကိုတာဝန်ယူစဉ် ခေတ်အဆက်ဆက်ပစ်ထား ခံရသော နယ်စပ်ဒေသများ၌ ဖွံ့ဖြိုးလာစေရန် တည်ဆောက်ပေး ခဲ့သဖြင့် တိုင်းရင်းသားလက် နက်ကိုင်များအပါအဝင် သောင်းကျန်းသူအဖွဲ့ကြီး ၁၇ ဖွဲ့၊ အဖွဲ့ငယ်အဖွဲ့ကွဲ၊ အဖွဲ့ခွဲ ၂ဝ ကျော် ဥပဒေတွင်းပြန်ဝင်ကာ ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုဖွံ့ဖြိုးရေးတို့ကို နိုင်ငံတော်နှင့်လက်တွဲ ကြိုးပမ်းခဲ့ကြသည်။ဒီမိုကရေစီနိုင်ငံတည်ဆောက် ရေးလုပ်ငန်း အဆင့်ခုနစ်ဆင့် အကောင်အထည် ဖော်ရေးနှင့် အခြေခံဥပဒေသစ်ပေါ်ထွန်းရေး အတွက် အမျိုးသားညီလာခံတွင် ငြိမ်းချမ်းရေးယူ သောတိုင်းရင်းသားအဖွဲ့များ တက်ရောက်ခဲ့ကြ သည်။
၂ဝ၁ဝ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲပြီး ကာမှ အချို့သော ငြိမ်းချမ်းရေးယူပြီးအဖွဲ့များ၊ သေနတ်မောင်းပြန်တင်လာကြသည်။ သမ္မတ ဦးသိန်းစိန်ဦးဆောင်သော ပြည်ခိုင်ဖြိုးပါတီ အာဏာရအစိုးရက ၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ် ခေါ်ခဲ့သည်။ ဦးသိန်းစိန်အစိုးရက ဦးစွာ ဟိုဘက်သည်ဘက် အပစ်အခတ်ရပ်စဲရေး ကြိုးပမ်းသည်။ တစ်ဖက်တွင် ငြိမ်းချမ်းရေးစကားပြော၊ တစ်ဖက်တွင် ပစ်ခတ်တိုက်ခိုက်နေ၍မဖြစ်သောကြောင့် အတိုက်အခိုက် (အပစ်အခတ်) ရပ်စဲရေးလုပ်သည်။ ၂ဝ၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ကို အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ လက်မှတ်ထိုးကြသည်။ တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့ရှိရာ ၁၆ ဖွဲ့လုံးက အပစ်အခတ်ရပ်ရန် သဘောတူကြပြီးမှ ရှစ်ဖွဲ့ကသာ လက်မှတ် ထိုး ကျန်ရှစ်ဖွဲ့ကမထိုးခဲ့ကြပေ။
အပစ်အခတ်ရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲကြီး ပြုလုပ်ခဲ့သည်။ ထိုမှတစ်ဆင့် တိုင်းရင်းသားအား လုံးသင့်မြတ်ပြေလည်ငြိမ်းချမ်းရေး တည်ဆောက် ကြမည်။ ထို့နောက် တိုင်းရင်းသားစည်းလုံးညီ ညွတ်ရေးကိုဦးတည်သော ဖက်ဒရယ်ပြည် ထောင်စုတည်ဆောက်ရန် ဖြစ်သင့်သမျှဥပဒေ များဖြစ်သည်။ ၂ဝ၁၅ ရွေးကောက်ပွဲ၌ ပြည်ခိုင် ဖြိုးပါတီမဲရှုံးပြီး NLD ပါတီ အစိုးရတက်လာ သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စဉ်ဆက်မပြတ် NLD အစိုးရက ကြိုးစားရပေ မည်။ ဤနေရာတွင် သူဖြူလျှင် ငါမည်းမည်လုပ် နေ၍မရ။ ဦးသိန်းစိန်ကြိုးပမ်း၍ ခရီးပေါက်ခဲ့ပြီ ဖြစ်သော ငြိမ်းချမ်းရေးစီမံကိန်းကို ရောက်သည့် နေရာမှ ရှေ့ဆက်လုပ်သင့်ပေသည်။
ယခု ၂၁ ရာစု ပင်လုံညီလာခံအမည်က စပြောင်း၊ လူပြောင်း၊ မူပြောင်းပြီး လုပ်တော့ လုပ်နေသည်။ ကိုယ့်ဇာတ်ကိုယ်နိုင်ဖို့တော့ လိုပေမည်။ အထူးသဖြင့် ပြည်ထောင်စုအရေး၊ ပြည်ထောင်စုအတွင်းမှာပင် ပြည်ထောင်စုသားချင်း ဗိုလ်ချုပ်အောင်ဆန်းမျက်နှာ၊ ပင်လုံညီလာခံ မျက်နှာ၊ ယနေ့ပြည်ထောင်စုသားတို့ မျက်နှာ ကို ထောက်ကြပြီး ပြန်လည်သင့်မြတ်ကြ၊ ငြိမ်းချမ်းကြမည်ဆိုလျှင် ကမ္ဘာ့ပြည်ထောင်စုများတွင် ပြည်ထောင်စုပီသဆုံး မြန်မာပြည်ထောင်စုကြီး ဖွံ့ဖြို တိုးတက် ချမ်းသာမည်ဖြစ်သည်။ ဤနေရာတွင် ပြည်ပမှ ပါဝင်စွက်ဖက်ခြင်း၊ ဆရာလုပ်ခြင်း၊ သြဇာပေးခြင်း၊ ဖိအားပေးခြင်းများ လုံးဝ လုံးဝ လုံးဝ ကင်းမှသာ ဖြစ်မြောက်နိုင်ပါမည်ခင်ဗျား။

တက္ကသိုလ်မြတ်သူ


Leave a Reply