ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ညီလာခံတက်ရောက်မည့်ကိုယ်စားလှယ်နှင့်တွေ့ဆုံခြင်း

ဦးသန်းဌေး ပဲခူးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီကော်မတီဝင်

• ပဲခူးတိုင်းဒေသကြီးအနေနဲ့ ပြည်ခိုင် ဖြိုးမျက်နှာစုံညီအစည်းအဝေးပွဲတွေကို ဘယ်လိုပုံစံ ဘယ်လိုစနစ်နဲ့ကျင်းပခဲ့သလဲ။
ကျွန်တော်တို့ ပဲခူးတိုင်းဒေသကြီး အနေနဲ့ရပ်ကွက် ကျေးရွာ ၈၆၂ခု၊ မြို့နယ် ၁၄ မြို့နယ်၊ခရိုင်နှစ်ခု ပါတီအတွင်း ပြန် လည်ရွေးချယ်ပွဲတွေက ပြီးစီးခဲ့ပြီဖြစ် တယ်။ ကျွန်တော်တိုင်းဒေသကြီး အဆင့် မှာလည်း လွန်ခဲ့တဲ့ ဇူလိုင် ၂၉ရက်မှာ ပြီးစီးပါတယ်။ အဲ့ဒီမှာ ဆန္ဒမဲစနစ်နဲ့ ရွေး ချယ်တဲ့အတွက်အသစ်တွေလည်းပါတယ်။ အဟောင်းတွေလည်းပါတယ်။ ပွင့်လင်း မြင်သာမှုရှိစွာဆန္ဒမဲစနစ်နဲ့ရွေးချယ်တယ်။ဒီလိုရွေးချယ်တာဟာ ပါတီရဲ့မူဝါဒဖြစ် တဲ့ အခြေခံစည်းမျဉ်းမှာလည်း ပြဋ္ဌာန်း ထားတယ်။ ပါတီညီလာခံကို ငါးနှစ် တစ်ကြိမ် ကျင်းပရမယ်ဆိုပြီးတော့ စည်းမျဉ်း မှာပါထားတယ်။ ပါတီရဲ့ဖွဲ့ စည်းပုံက အစိုးရအဖွဲ့ ဖွဲ့ပြီး ခြောက်လ အတွင်း ပါတီဗဟို ညီလာခံကျင်းပရမယ် လို့ သတ်မှတ်ထားတယ်။ ပါတီညီလာခံ ကို ပါတီဌာနချုပ်ဖြစ်တဲ့ နေပြည်တော် မှာ ကျင်းပတော့မှာ ဖြစ်တယ်။ ပါတီ ညီလာခံကျင်းပဖို့အတွက် ပဲခူးတိုင်း ဒေသကြီးအနေနဲ့ ၃၅ ဦးတက် ရောက်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီအနေနဲ့ ညီလာခံကို ဖွဲ့စည်းပုံစည်းကမ်းနဲ့ ကျင်းပ သလို ပါတီရဲ့မျှော်မှန်းချက်ဖြစ်တဲ့ တိုင်း ရင်းသား ပြည်သူများလိုအင်ဆန္ဒ၊ လို အပ်ချက်တွေကို အဓိကဖြည့်ဆည်းပေး မယ့် အေးချမ်းတည်ငြိမ်မှုနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီပြောင်းလဲ မှုစတဲ့ ပြည်သူရဲ့သဘောထားတွေကို အဓိကဦးတည်ဖြည့်ဆည်းဖို့အတွက် ကျင်းပ တာလည်းဖြစ်တယ်။ ပါတီရည်မှန်းချက် ဖြစ်တဲ့ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ ဒီမိုကရေစီ နိုင်ငံထူထောင် ရေးနှင့် အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးကို အကောင်အထည်ဖော်ဖို့ဆိုတဲ့ ပါတီရဲ့ ရည်မှန်းချက်နဲ့အညီ အကောင်အထည် ဖော်ဆောင်ရွက်ဖို့အတွက် ဖွဲ့စည်းပုံစည်း မျဉ်းအတိုင်း ကျင်းပခြင်းဖြစ်တယ်။

• ပါတီဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ နေရာတော်တော်များများ ရှုံးနိမ့်ခဲ့တယ်။ ဒီလိုရှုံးနိမ့်ခဲ့တဲ့အပေါ်မှာ ဘာကြောင့်ရှုံးနိမ့် ခဲ့တာလည်း သုံးသပ်ပေးပါဦး။
ကျွန်တော့်အမြင်ပြော ချင်တာကတော့ ပါတီဟာ အရည်အချင်းညံ့သလားဆို တော့ မညံ့ပါဘူး။ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေ လုပ်သလားဆိုတော့ လုပ်ပါ တယ်။ ကျွန်တော်တို့ပါတီဟာ ၂ဝ၁ဝ ပြည့်နှစ်မှာ အနိုင်ရတယ်။ ငါးနှစ်တာ ကာလအတွင်း ကျေးလက်မီးလင်းရေး၊ လမ်းတံတား၊ ဆက်သွယ်ရေးတို့ အများ ကြီးလုပ်ခဲ့ပါတယ်။ ပြည်သူလူထုလည်း အမြင်ပါပဲ။ အရင်တုန်းက ကားတွေ ကျပ်တယ်ပြောတယ်။ လူနေမှုဘဝဖွံ့ဖြိုး လာမှုနဲ့အမျှ ကားတွေ ကျပ်လာတယ်။ အရင်တုန်းက တစ်ဦးစီးနိုင်ရင် အခုလူ ၁ဝ ဦး ကားဝယ်လာနိုင်တယ်။ အရင် ဆိုင်ကယ်တစ်စီးလောက်ဝယ်နိုင်ရင် အခု ဆိုင်ကယ် အစီး ၅ဝလောက် ဖြစ်လာပြီ။အရင်ဖုန်းတစ်လုံးလောက် ကိုင်နိုင်တဲ့ အချိန်မှာ အခုထောင်၊ သောင်းချီ ကိုင် လာပြီ။ အခု ကျေးလက်လမ်းတွေကို ကြည့်၊ အရင်တုန်းက လမ်းမရှိဘူး။ အခု မြေသားလမ်းရှိတယ်။ မြေသားလမ်းက နေမှ ဂဝံလမ်း၊ ဂဝံလမ်းကမှ တစ်ဆင့် ကျောက်ချောလမ်း၊ ကျောက်ချောလမ်း ကမှတစ်ဆင့် ကတ္တရာလမ်း။ ဒါဟာ ရှောင်လွှဲလို့မရတဲ့ တိုးတက်မှုတွေပဲ။ ကျွန်တော်တို့ ပြည်ခိုင်ဖြိုးအစိုးရလက်ထက် မှာ တော်တော်များများ ကျေးလက် မီးလင်းရေးကို ဆောင်ရွက်နိုင်တယ်။ ဆက်သွယ်ရေးစနစ်ကိုလည်း ကောင်းမွန် အောင် ဆောင်ရွက်နိုင်တယ်။ လူမှုအသုံး အဆောင်ပစ္စည်းတွေကိုလည်း များစွာ အသုံးပြုလာနိုင်တယ်။ အိမ်တိုင်းမှာ TV ရှိတယ်။အရင်တုန်းက မရှိခဲ့ပါဘူး။ အခု ဆိုက်ကားနင်းတဲ့သူလည်း ဖုန်းကိုင် နိုင်တယ်။ ပဲပြုတ်ရောင်းတဲ့သူလည်း ဖုန်းကိုင်နိုင်တယ်။ ဒါတွေက ပြည်ခိုင်ဖြိုး အစိုးရလုပ်ခဲ့တာ။ အခုမှ ဖြစ်တာ မဟုတ်ပါဘူး။ ပြည်ခိုင်ဖြိုးအစိုးရ ဘာမှ မလုပ်ဘူးလို့ မျက်စိစုံမှိတ် ပြောနေတဲ့သူ ကတော့ ပြောနေမှာပဲ။ နိုင်ငံတိုင်း နိုင်ငံ တိုင်းမှာ ပြောင်းလဲမှာကို လူတိုင်းလိုချင် ကြတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် သမ္မတ အိုဘားမားဟာ“Change”တစ်လုံးတည်းနဲ့ တက်လာတာ။ တရုတ်နိုင်ငံ ကွန်မြူနစ် စနစ်ကျင့်သုံးပြီး ဘာလို့တိုးတက်လာလဲ။ စီးပွားရေးအကောင်းဆုံးဖြစ်တဲ့ အမေ ရိကန်နိုင်ငံကိုတောင် ကျော်တော့မယ်။ ဘာစနစ်ကျင့်သုံးနေလဲ။ ကွန်မြူနစ်စနစ် ကျင့်သုံးနေတာ။ လူနဲ့လည်းဆိုင်တယ်။ လူတွေ လုပ်တတ်ကိုင်တတ်ဖို့နဲ့ စည်း ကမ်းရှိဖို့လိုတယ်။ မလုပ်တတ် မကိုင် တတ်ဘူးဆိုရင် အချိန်တွေ ကြာသွားလိမ့် မယ်။ ကျွန်တော်တို့ပြည်ခိုင်ဖြိုးက သင် ကြားပေးထားတယ်။ အတွေ့အကြုံတွေ ရှိတယ်။ အဲ့ဒီအတွေ့အကြုံက ပြည်ခိုင် ဖြိုးမှာဘဲရှိတယ်။ ကျန်တဲ့ဆီမှာ မရှိဘူး။ ရှုံးသွားတဲ့ အကြောင်းတရားကလည်း လူ ဆိုတာ ပြောင်းလဲချင်ကြတယ်။ နောက် တစ်ခုက နိုင်ငံတိုင်းမှာ ရေရှည်အုပ်ချုပ် တဲ့ ပါတီဆိုတာ မရှိပါဘူး။ဘာကြောင့် လဲဆိုတော့ မကြိုက်လို့ ပြောင်းတာမဟုတ် ဘူး။ လူတွေရဲ့ ပြုပြင်ပြောင်းလဲမှုကို လိုချင်လို့၊ ဒီပါတီပြီးသွားရင် နောက်ပါတီ လာရင် ဘယ်လောက် တိုးတက်လာမလဲ ဆိုတဲ့ ပြောင်းလဲမှုတွေရှိတယ်။

• ၂ဝ၂ဝ ပြည့်နှစ်မှာ အနိုင်ရဖို့ ပါတီ အနေနဲ့ ဘယ်လိုဆက်သွားဖို့လိုအပ်မလဲ။
အဓိက ပါတီအင်အားစုစည်းတည် ဆောက်မှု အရင်ဆုံးလုပ်ရမယ်။ကျွန်တော့် အမြင်မှာ ပါတီအင်အားတည် ဆောက်ဖို့ လိုပါတယ်။ ပဲခူးတိုင်းဒေသကြီးအနေနဲ့ ပြောရင် ပါတီဝင်အင်အား ရာခိုင်နှုန်း ၂ဝ စုဆောင်ထားတယ်။ ဆန္ဒမဲရရှိမှု ကလည်း ရာခိုင်နှုန်း ၂ဝ ကျော်ရတယ်။ ပါတီဝင်အင်အားစုဆောင်းမှုက ရာခိုင်နှုန်း ၄ဝ၊ ရာခိုင်နှုန်း ၅ဝ ရှိတယ်ဆို သေချာ တယ်။ အဲ့ဒီရာခိုင်နှုန်းက ကိုယ့်ပါတီကို ကိုယ်မဲပေးမှာ။ လိုအပ်ပါတယ်။ မိမိ ပါတီသည် အနိုင်မရလို့ အစိုးရမဖွဲ့နိုင် ဘူးဆိုပြီး ပြည်သူလူထုကို ပစ်ထားလို့ မရပါဘူး။ ပြည်သူလူထုနဲ့ တစ်သား တည်းကျအောင်နေပြီးတော့ ပြည်သူလူထု ရဲ့ စားဝတ်နေရေးပြေလည်မှု။ ပြည်သူ လူထု ဘဝဖွံ့ဖြိုးတိုးတက်မှု ဒါတွေကို ပြည်သူနဲ့တစ်သားတည်းကျအောင် လိုက် လုပ်ပေးဖို့ မိမိကိုယ်တိုင်ကသော်လည်း ကောင်း ပါတီကသော်လည်းကောင်း၊ လူမှုရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်လျှင်သော်လည်းကောင်း၊ အစိုးရ အဖွဲ့လုပ်နိုင်ကိုင်နိုင်ဌာနနဲ့ ပူးပေါင်း၍ သော်လည်းကောင်း ဆောင်ရွက်ပေးရမှာ ဖြစ်တယ်။ အဲ့ဒီလို လုပ်နိုင်အောင်လည်း ညွှန်ကြားထားတယ်။ လုပ်လည်း လုပ် နေပါတယ်။အဓိကပါတီတစ်ခု အောင်မြင် ဖို့ဆိုတာ အရေးကြီးတာ အောက်ခြေ၊ ရပ်ကွက်၊ ကျေးရွာခိုင်ခိုင်မာမာတည် ဆောက်ဖို့ လိုတယ်။ တကယ်တမ်း အင်အားရှိအောင် တည်ဆောက်ဖို့လည်း လိုတယ်။ လုပ်နိုင်အောင်လည်း အထက် အဖွဲ့အစည်းအဆင့်ဆင့်က ဆောင်ရွက် ပေးဖို့လိုတယ်။ အလုပ်လုပ်နိုင်အောင် လုပ်ပေးဖို့လိုတယ်။ ကျွန်တော်တို့မှာ ဖွဲ့ထားတဲ့လူငယ်ကဏ္ဍ၊ တောင်သူလယ် သမားကဏ္ဍ၊ အမျိုးသမီးကဏ္ဍတွေမှာ လည်း ထိထိရောက်ရောက် ဆောင်ရွက်ဖို့ လိုမယ်။ ဒါဆို အောင်မြင်မှာပါ။

• ပါတီဝင်အင်အားစုစည်းတည်ဆောက် ဖို့လိုမယ်ဆိုပြီး အစ်ကိုအနေနဲ့ ပြောသွား ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကြားတာ လက်ရှိပါတီဝင်အင်အား အဲ့ဒီလောက် မရှိဘဲနဲ့စာရင်းတွေသာ တက်လာတယ်။ ရပ်/ကျေး ဘယ်လောက်ရှိတယ်။ မြို့နယ် မှာ ဘယ်လောက်ရှိတယ်။ ဒီလိုမျိုးပေါ့။ အစ်ကို တိုင်းဒေသကြီးအတွင်းမှာရော တိကျ မှန်ကန်အောင် ဘယ်လိုဆောင်ရွက် နေပါသလဲ။
အရင်ကတည်းကလည်း လုပ်ခဲ့ တယ်။ မလိမ်အောင်လို့။ အခုဆိုရင်လည်း ကျွန်တော်တို့မှတ်တမ်းတွေ ပြန်ကြည့် တယ်။ ဥပမာ – ရပ်ကွက်တစ်ခုမှာ ပါတီဝင် အင်အား ၂ဝဝရှိတယ်။ မဲပေး သွားတာ ဘယ်လောက်ပေးသွားလဲ၊ ၂ဝဝ ကျော် ပေးသွားတယ်။ ဒါဆို မှန်တယ်။ ဒါပေမဲ့ ပါတီဝင်အင်အား ၁ဝဝဝရှိပြီး ၅ဝဝ ပဲ မဲပေးသွားတယ်ဆိုရင် စာရင်း လိမ်တာ။ ကျွန်တော်တို့တိုင်းထဲမှာ ပြန် စစ်ဆေးပါတယ်။ လိမ်ထားတာ မရှိဘူး။

• အောက်ခြေကနေစပြီးတော့ အထက် အဆင့်ဆင့်ကို ရွေးချယ်တဲ့နေရာမှာ ဘယ် လိုပုံစံမျိုးက အဓိကကျပါသလဲ။ နောက် ပါတီအနေနဲ့။ မျိုးဆက်သစ်တွေကို ဘယ် လိုမွေးထုတ်သင့်ပါသလဲ။
ရွေးချယ်ရာမှာအဓိက ပါတီအပေါ် သစ္စာရှိတဲ့သူဖြစ်ရမယ်။ ယုံကြည်ချက်၊ ခံယူချက်ရှိတဲ့သူ ဖြစ်ရမယ်။ တချို့က လုပ်တတ်တယ်။ မလုပ်ဘူး။ တချို့က လုပ်တယ်။ မလုပ်တတ်ဘူး။ မလုပ်တတ် တာကို လုပ်တတ်အောင်သင်ပေးရင်ရ တယ်။ လုပ်ချင်စိတ်ရှိဖို့က အဓိကကျပါ တယ်။ရပ်ကွက်စည်းရုံးရေးမှူး တစ်ယောက် က အလုပ်မလုပ်ဘဲ အမည်ခံတွေ မြို့နယ်၊ ခရိုင်ကော်မတီတွေမှာ ပါမလာဖို့အရေး ကြီးပါတယ်။ တာဝန်သိမှ တာဝန်ရှိ တာပါ။ လူမှန် နေရာမှန်ရွေးချယ်တတ်ဖို့ လိုပါတယ်။ နောက်တစ်ခုက ပါတီ အဆင့်ဆင့်မှာ ပါတီတွင်းစည်းလုံးညီညွတ် ဖို့ အဓိကလိုအပ်ပါတယ်။ အပြန်အလှန် ယုံကြည်လေးစားဖို့လိုပါတယ်။ ဒါမှ အလုပ်လုပ်လို့ရမှာ ဖြစ်ပါတယ်။ အဓိက ပါတီတွင်းမျိုးဆက်မပြတ်အောင် ပြုစုသင့် တယ်လို့ ထင်ပါတယ်။ လုပ်ချင် ကိုင်ချင် စိတ်ရှိတဲ့ လူငယ်မျိုးဆက်သစ်တွေကို စနစ်တကျမွေးမြူလေ့ကျင့်ပေးပြီး အတွေ့ အကြုံရှိတဲ့သူတွေကတွဲခေါ်ပြီး အရည် အချင်း၊ အရည်အသွေးရှိတဲ့လူငယ်တွေကို ရဲရဲကြီးတာဝန်ပေးအပ်ဖို့လိုပါတယ်။

• ပါတီညီလာခံပြီးရင် ဘာတွေဆက် လက်လုပ်ဆောင်မလဲ။
ပြည်သူလူထုနဲ့ တစ်သားတည်း ဖြစ်အောင် ပြည်သူလူထုရဲ့အကျိုးပြု လုပ်ငန်းတွေကို ဆောင်ရွက်ပေးရမယ်။ ပါတီဝင်အင်အားရှိအောင် တည်ဆောက် ရမယ်။ လုပ်ငန်းပိုင်းဆိုင်ရာကို စနစ် တကျရှိအောင် ကိုင်တွယ်ပေးရမယ်။ဒါဆို အဖြေ တစ်ခုကတော့ ရမှာပဲလေ။

နေထက်ဝေ


Leave a Reply