ပြည်တွင်း ခရီးစဉ်နှုန်းထားများ ဒေါ်လာနှင့် မကြော်ငြာရန် ဗဟိုဘဏ် ခေါ်ယူသတိပေးမည်

ပြည်တွင်းခရီးစဉ်များကို အမေရိကန် ဒေါ်လာနှုန်းထားနှင့် ရောင်းချရန်ကြော်ငြာနေသည့် ခရီးသွားကုမ္ပဏီများကို ယင်းသို့မပြုလုပ်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ခေါ်ယူသတိပေးပြောဆို မည်ဖြစ်ကြောင်း ဗဟိုဘဏ်ထံမှ သိရသည်။

ပြည်တွင်းခရီးစဉ်များဖြစ်သည့် မြိတ်၊ ငပလီနှင့် အင်းလေးဒေသများကို ကျပ်ငွေဖြင့် မကောက်ခံဘဲ အမေရိကန် ဒေါ်လာနှင့် ကောက်ခံနေသောကြောင့် ခရီးသွားကုမ္ပဏီများကို ခေါ်ယူတွေ့ဆုံရန် စီစဉ်ခြင်းဖြစ်ကြောင်း ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ပြည်တွင်းရဲ့ ငွေပေးချေမှုတွေကို ကျပ်ငွေနဲ့ အသုံးပြုဖို့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို အသိပေး အကြောင်း ကြားထားပြီးသားပါ။ ဒီပြဿနာကို ဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး ဖြေရှင်းသွားမယ်” ဟု ၎င်းက ပြောဆိုသည်။

ခရီးသွား လုပ်ငန်းများက ဒေါ်လာနှင့် ကောက်ခံခြင်းမျိုး မရှိဘဲ ဟိုတယ်၊ လေကြောင်းလိုင်းနှင့် စားသောက်ဆိုင် အချို့က ဒေါ်လာနှင့်ကောက်ခံခြင်းဖြစ်သည့်အတွက် ယင်းလုပ်ငန်းများကို ဗဟိုဘဏ်က တိုက်ရိုက် ကိုင်တွယ်ရ မည်ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများက ဒေါ်လာနှင့် ကောက်ခံနေခြင်းကြောင့် ခရီးသွားလုပ်ငန်းများကလည်း ဒေါ်လာနှင့်သာ ငွေပေးနေရခြင်းဖြစ်ကြောင်း Radiant Tour ကုမ္ပဏီပိုင်ရှင် ဦးနောင်းနောင်းဟန်က ရှင်းပြသည်။

“အဓိကက ပြည်တွင်းလုပ်ငန်း အများစုက ဒေါ်လာနဲ့ အလုပ်လုပ်တာများတယ်။ ကျပ်ငွေက ခိုင်မာမှုမရှိတော့ ငွေအတက်အကျကို ရှောင်နိုင်ဖို့ ခရီးသွားလုပ်ငန်းက ဒေါ်လာနဲ့ ခရီးစဉ်တွေကို ကြေညာနေရတယ်” ဟု ၎င်းကဆိုသည်။

ပြည်တွင်းဟိုတယ် အများစုမှာ နိုင်ငံခြားသားများကိုသာ ဒေါ်လာဖြင့်ကောက်ခံပြီး မြန်မာနိုင်ငံသားများကိုမူ ဒေါ်လာနှင့် ငွေပေးချေမှုမပြုဟုဆိုသော်လည်း ပြည်တွင်း၊ ပြည်ပခရီးသည်များကို ဒေါ်လာဖြင့်သာ ငွေကောက်ခံ နေကြောင်း ခရီးသွား အေဂျင်စီများထံမှ သိရသည်။

ပြည်တွင်း၌ ရောင်းဝယ်သည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများအတွက် ကျသင့်ငွေကို နိုင်ငံခြားသုံးငွေဖြင့် ရယူ၊ ပေးချေခြင်းများကြောင့် ပြည်တွင်းတွင် ဒေါ်လာကျယ်ပြန့်စွာ အသုံးပြုမှုဖြစ်ပေါ်လာပြီး ဒေါ်လာလိုအပ်ချက် မြင့်မားကာ နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ကျပ်ငွေသာ အသုံးပြုရမည် ဖြစ်ကြောင်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာလအတွင်းက မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။

The Voice