ပြည်တွင်းရွှေဈေး ကျပ်ကိုးသိန်းခြောက်ထောင်အထိ မြင့်တက်

ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ်ကိုးသိန်း ခြောက်ထောင် အထိ မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာတန်ဖိုး ကျဆင်းလာကြောင်း ငွေကြေးဈေးကွက်မှ သတင်း ရရှိသည်။

မတ်လ ၂၈ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁,၂၅၄ အထိ မြင့်တက် လာပြီး ပြီးခဲ့သည့် လဆန်းနှင့်နှိုင်းယှဉ်ပါက ပျမ်းမျှ ၂၂ ဒေါ်လာခန့် ဈေးနှုန်းမြင့်တက်လာသည်။ ကမ္ဘာ့ ရွှေဈေးသည် တစ်လအတွင်း ၂ ရာခိုင်နှုန်းခန့်မြင့်တက်မှုကြောင့် ပြည်တွင်းရွှေဈေးသည် တစ်ကျပ်သားလျှင် ကျပ် ရှစ်သိန်းကိုးသောင်းငါးထောင်ခန့်မှ ကျပ်ကိုးသိန်းခြောက်ထောင်သို့ မြင့်တက်ခဲ့သည်။

‘‘ရွှေဈေးတက်တာက ကမ္ဘာ့ဈေးတက်လို့ပါ။ အရောင်းအ၀ယ်ကတော့ ဒီရက်ပိုင်းမှာ ကောင်းနေတယ်’’ ဟု မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးကျော်ဝင်းက ပြောသည်။

ရွှေထည်လက်ဝတ်ရတနာ များကို ဧပြီ ၁ ရက်ကစတင်၍ ကုန်သွယ်လုပ်ငန်းခွန် ၁ ရာခိုင်နှုန်း ကောက်ခံ မည့် အစီအစဉ်ကြောင့် ယခုရက်ပိုင်းတွင် ရွှေထည်လက်ဝတ်ရတနာများ အ၀ယ်ပိုလိုက်လာသည်ဟု ၎င်းက ပြောသည်။

ပြည်တွင်းရွှေဈေး မြင့်တက်သော်လည်း ပြင်ပဈေးကွက်တွင် အမေရိကန်ဒေါ်လာတန်ဖိုးသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်း အောက်ရောက်ရှိနေသည်။ ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းသည်တစ်ဒေါ်လာလျှင် ၁,၃၆၂ ကျပ်ဖြစ်သော်လည်း ပြင်ပဈေးကွက်၌ တစ်ဒေါ်လာလျှင် ၁,၃၅၆ ကျပ်ခန့်ရှိသည်။

# 7 Day Daily