ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းနှင့် လူထုတွေ့ဆုံပွဲသို့ တက်ရောက် အားပေး

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် မတ်လ (၆) ရက် မွန်းလွဲ ၂ နာရီတွင် ကယား ပြည်နယ် ဖရူဆိုမြို့ရှိ မြို့နယ်ဓမ္မာရုံ၌ ကျင်းပသည့် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း နှင့် လူထုတွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်၍ ဒေသခံ တိုင်းရင်းသားပြည်သူများအား တွေ့ဆုံခဲ့သည်။

 

တွေ့ဆုံပွဲတွင် ၂ဝ၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ ကယားပြည်နယ် လွှတ်တော် အမှတ်(၁)မဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ရွေးချယ်ခံမည့် ကိုယ်စားလှယ်လောင်း ဦးရီးချက်က ဦးစွာမိတ်ဆက်စကား ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ဒေသခံတိုင်းရင်းသား ပြည်သူများအား မိတ်ဆက်စကား ပြောကြားကာ ပြည်နယ်ပါတီဥက္ကဋ္ဌက ကယားပြည်နယ်အတွင်း ပါတီ၏အခြေအနေကို ခြုံငုံသုံးသပ်တင်ပြခဲ့ပြီး နောက် တွေ့ဆုံပွဲသို့တက်ရောက်လာသော ဒေသခံတိုင်းရင်းသားများ၏ မေးမြန်းဆွေးနွေးချက်များကို ပါတီဥက္ကဋ္ဌ က ပြန်လည်ဖြေကြားခဲ့သည်။

တွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အတူ အတွင်းရေးမှူး ဦးသန်းထွန်း၊ ပါတီအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ပြည်နယ်ပါတီဥက္ကဋ္ဌ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်/ကျေးပါတီဝင်များ၊ ဒေသခံ တိုင်းရင်းသား ပြည်သူစုစုပေါင်း ၁၅ဝ ခန့် တက်ရောက်ခဲ့ပြီး ညနေ ၄ နာရီတွင် တွေ့ဆုံပွဲကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

မင်းဟိန်း