မြောက်ကိုရီးယား ဒုံးကျည်ကြေညာချက်ကို ထရမ့်လှောင်ပြောင်

အမေရိကန် ကမ်းခြေထိ ရောက်ရှိနိုင်သည့် တိုက်ချင်းပစ် ဒုံးကျည်များ တည်ဆောက်နိုင်တော့မည်ဆိုသည့် မြောက်ကိုရီးယား ကြေညာချက်ကို ဒေါ်နယ်လ်ထရမ့်က လှောင်ပြောင်လိုက်သည်။

 

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်းက ၂၀၁၇ နှစ်သစ်ကူး မိန့်ခွန်းအတွင်း၌ မြောက်ကိုရီးယားသည် မကြာမီ အတောအတွင်း နျူကလီးယား ထိပ်ဖူး တပ်ဆင်နိုင်ပြီး ခရီးတာ ဝေးလံစွာ ပျံသန်းနိုင်သည့် တိုက်ချင်းပစ် ဒုံးကျည်များကို စမ်းသပ်နိုင်တာ့မည်ဟု ကြေညာခဲ့သည်။ သို့သော် အမေရိကန် သမ္မတသစ် ဖြစ်လာမည့် ထရမ့်က ကင်မ်သည် အပြောသမား သက်သက်ဖြစ်ပြီး ၎င်းကြွေးကြော်သကဲ့သို့ လက်တွေ့ ဖြစ်မြောက်အောင် လုပ်နိုင်မည် မဟုတ်ဟု ဆိုသည်။

ထရမ့်က “မြောက်ကိုရီးယားက သူတို့ဟာ အမေရိကန်ထိ ရောက်လာအောင် ပစ်ခတ်နိုင်မယ့် နျူကလီးယား လက်နက်တစ်ခုကို နောက်ဆုံးအဆင့် တည်ဆောက်နေပြီလို့ ပြောတယ်။ ဒီကိစ္စက ဖြစ်လာနိုင်စရာ မရှိဘူး”ဟု Twitterတွင် ရေးသားခဲ့သည်။

ထရမ့်အနေဖြင့် မြောက်ကိုရီးယား၏ ဒုံးကျည်စွမ်းရည်အပေါ် လျှော့တွက်ခြင်းလော၊ သို့တည်းမဟုတ် ဖြစ်နိုင်ခြေတိုင်းအတွက် ကြိုတင်ကာကွယ်မည့် အစီအစဉ်များ ပြင်ဆင်ထားခြင်းလော ဆိုသည်ကိုမူ ရှင်းရှင်း လင်းလင်း မသိရသေးချေ။

ထရမ့်သည် မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် သုတေသနပြု အဆင့်မြှင့်တင်ခြင်းများကို ထိရောက်စွာ ဟန့်တားမှု မရှိခြင်းနှင့် ပတ်သက်၍ တရုတ် အစိုးရကိုလည်း အပြစ်တင်ခဲ့သေးသည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် နှစ်အတွင်းက နျူကလီးယားဗုံး စမ်းသပ်ဖောက်ခွဲမှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး နောက်ဆုံးတစ်ကြိမ်မှာ ၎င်းတို့ စမ်းသပ်ဖူးသမျှ အင်အားအပြင်းထန်ဆုံး ဖြစ်ခဲ့သည်။

မြောက်ကိုရီးယား အနေဖြင့် နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်သည့် ဒုံးကျည်များကိုလည်း အဆင့်မြှင့် နေသည့်တိုင် ကီလိုမီတာ ထောင်နှင့်ချီ ပျံသန်းနိုင်သည့် ဒုံးကျည်မျိုး စမ်းသပ်နိုင်မှု ယခုတိုင် မရှိသေးကြောင်း သိရသည်။

(ဘီဘီစီ)