ဟောလိဝုဒ်မှာ ပထမဆုံး ဖြန့်ချိပြသခွင့်ရခဲ့တဲ့ မြန်မာရုပ်ရှင်

ဒါရိုက်တာညိုမင်းလွင် ရိုက်ကူးထားသည့် “မေထုန်ရာသီဖွား” ရုပ်ရှင်ဇာတ်ကားကို စက်တင်ဘာ အတွင်း အမေရိကန်နိုင်ငံရှိ မြို့နှစ်မြို့တွင် ပြသမည်ဖြစ်ကြောင်း သတင်းရရှိသည်။

May Htone

ယင်းဇာတ်ကားကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ Cinema Village တွင် စက်တင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ပြသပေးမည်ဖြစ်ပြီး လော့စ်အန်ဂျလိစ်မြို့ Music Hall, Laemmle Theatre တွင် စက်တင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ ရုံတင်ပြသမည်ဖြစ်ကြောင်း ဒါရိုက်တာညိုမင်းလွင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်မှ အသိပေးထားသည်။

‘‘မြန်မာ့ရုပ်ရှင်လောကအတွက်လည်းကောင်း၊ ဒါရိုက်တာ ညိုမင်းလွင်အတွက်လည်းကောင်း ပြည်ပ Distributor ဖြင့် Hollywood တွင် ပထမဆုံးဖြန့်ချိခဲ့သည့် မြန်မာ့ရုပ်ရှင်ဇာတ်ကား တစ်ကားအဖြစ် မြန်မာ့ရုပ်ရှင်သမိုင်းတွင် မှတ်တမ်းတင်နိုင်ခဲ့ပြီ ဖြစ်ပါကြောင်း လေးစားစွာ ကြေညာအပ်ပါသည်’’ ဟု ယင်းရုပ်ရှင်ဇာတ်ကား ရုံတင်ပြသမည့်အကြောင်းအရာများကို ဒါရိုက်တာညိုမင်းလွင်က ဖေ့စ်ဘွတ်ခ် တွင် ရေးသားခဲ့သည်။

ယင်းဇာတ်ကားတွင် သရုပ်ဆောင်များအဖြစ် ဥက္ကာမင်းမောင်၊ ငြိမ်းချမ်းကျော်၊ မင်းဦးနှင့် အေးမြတ်သူ တို့က အဓိကပါဝင် သရုပ်ဆောင်ထားသည်။

ယင်းဇာတ်ကားတွင် အဓိကသရုပ်ဆောင်တစ်ဦးအဖြစ် ပါဝင်သရုပ်ဆောင်ထားသော ဥက္ကာမင်းမောင် က ‘‘ပထမဆုံးပြန်ရိုက်ရတဲ့ ဇာတ်ကားက မရိုက်ခင်ကတည်းက ဝေဖန်ရှုတ်ချသံ၊ အားပေးသံတွေ ပွက်လောညံခဲ့တဲ့ကား။ အဲဒီကားရိုက်ရတာလည်း အရမ်းတာဝန်ကြီးခဲ့တယ်။ လာကြည့်တဲ့သူတွေ အားလုံး ဒီ gay နှစ်ယောက်ရဲ့ ဇာတ်ရုပ် စိတ်ခံစားချက်တွေကို နားလည်သွားအောင် သရုပ်ဆောင်ဖို့၊ အိုက်တင်အတိုးအလျှော့ကို ကိုညိုက သေချာသင်ပေးသလို ကျွန်တော်တို့အားလုံးလည်း အရမ်း ကြိုးစားရပါတယ်။ ရုံတင်ရင်လည်း လူအမျိုးမျိုးဆီက ဝေဖန်သံမျိုးစုံ နားထောင်ဖို့ အသင့်ပါပဲ’’ ဟု ဇာတ်ကားနှင့်ပတ် သက်၍ပြောသည်။

ထို့အပြင် အဆိုပါရုပ်ရှင် ဇာတ်ကားကို အမေရိကန်တွင် ရုံတင်သည့်အချိန်၌ မြန်မာနိုင်ငံနှင့် ကမ္ဘော ဒီးယားနိုင်ငံတို့၌လည်း တစ်ပြိုင်တည်း ရုံတင်ပြသမည်ဟု ဒါရိုက်တာညိုမင်းလွင်က ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားထားသည်။

ယင်းဇာတ်ကားမှာ အမျိုးသားနှစ်ဦးကြားက ချစ်ခြင်းမေတ္တာကို ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ရုံတင်ပြသမည့်ရက်ကိုမူ မသိရသေးပေ။

7 Day Daily


Leave a Reply