မေလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေမည့် ကိုရီးယား ထိပ်တန်းတေးသံရှင် CL ခရီးစဉ်အတွင်း ပုဂံဒေသသို့ သွားရောက် လည်ပတ်ရန် စီစဉ်

မြန်မာနိုင်ငံသို့မေလအတွင်း လာရောက် ဖျော်ဖြေမည့် ကိုရီးယားထိပ်တန်း တေးသံရှင် CL သည် မြန်မာ နိုင်ငံခရီးစဉ်အတွင်း ပုဂံ ဒေသသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားသည်ဟု သိရသည်။

ကိုရီးယားတေးသံရှင် CL သည် ကမ္ဘာ့ထိပ်တန်း တေးသံရှင်နှစ်ဦးနှင့်အတူ မြန်မာနိုင်ငံ၌ လာရောက် ဖျော်ဖြေ မည်ဖြစ်ပြီး မေလလယ်တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။ မေ ၁၃ ရက်တွင် ဖျော်ဖြေပွဲ အား ရန်ကုန်မြို့ Thuwanabhumi Event Park ၌ ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။

UnDerDawg Festival ကို မေ ၁၃ ရက် တွင် ရန်ကုန်မြို့ သုဝဏ္ဏဘုမ္မိ Event Park တွင်ပြုလုပ်မည်ဖြစ်ပြီး ကိုရီးယားနိုင်ငံမှ ထိပ်တန်း အဖွဲ့တစ်ဖွဲ့ဖြစ်သည့် 2NE1 မှ အဖွဲ့ဝင် CL ၊ ဂရမ်မီနှစ်ဆုရှင် ဟစ်ဟော့ပ် အဆိုတော် Nelly၊ ဂရမ်မီ ဆန်ခါတင်စာရင်းဝင် ဟစ်ဟော့ပ်အဆိုတော် Soulja Boy တို့ ပါဝင်ဖျော်ဖြေရန် စီစဉ်ထား ခြင်းဖြစ်သည်။ ထို့ပြင် ပြည်တွင်းမှ ဟစ်ဟော့ပ်တေးသံရှင် ဂျောက်ဂျက်လည်း ပါဝင်ဖျော်ဖြေမည် ဖြစ်သည်။

UnDerDawg Festival တွင် ပါဝင်ဖျော်ဖြေမည့် K Pop ထိပ်တန်းအဆိုတော် CL သည် 2NE1 အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး နိုင်ငံတကာတွင် ထင်ရှားသည့် အမျိုးသမီးဟစ်ဟော့ပ် အဆိုရှင်တစ်ဦးလည်းဖြစ်သည်။

တေးသံရှင် CL သည် 2NE1 အဖွဲ့နှင့်အတူ ၂၀၁၄ ခုနှစ် သြဂုတ်လအတွင်းက မြန်မာနိုင်ငံသို့ လာရောက် ဖျော်ဖြေခဲ့ဖူးပြီး ပရိသတ်အများအပြား အားပေးခဲ့ကြသည်။ CL သည် ကိုရီးယား နိုင်ငံတွင်သာမက ကမ္ဘာ့ဂီတ ဈေးကွက်အတွင်းတွင်ပါ နေရာယူထားနိုင်သည့် အမျိုးသမီး အဆိုတော်တစ်ဦးလည်း ဖြစ်သည်။

ထပ်မံအားဖြည့်ပါဝင်မည့် ဟစ်ဟော့ပ် တေးသံရှင် Nelly မှာ ဂရမ်မီနှစ်ဆုရရှိထားသည့် တေးသံရှင်တစ်ဦး ဖြစ်ပြီး ၁၉၉၀ ၀န်းကျင် ကာလက ထင်ရှားခဲ့သည့် ဟစ်ဟော့ပ် တေးသံရှင်တစ်ဦးလည်းဖြစ်ကာ ၎င်းသီဆိုခဲ့ သည့် တေးသီချင်းများမှာ ယနေ့တိုင် အောင် မြင်နေဆဲဖြစ်သည်။ တေးသံရှင် Souljia Boy မှာလည်း ဂရမ်မီ ဆုအတွက် ဆန်ခါတင်စာရင်းဝင် ဟစ်ဟော့ပ်တေးသံရှင်တစ်ဦးဖြစ်ပြီး အောင်မြင်ထင်ရှားသည့် တေးသီချင်း များစွာ သီဆိုခဲ့သူဖြစ်သည်။

ကမ္ဘာ့ထိပ်တန်း အနုပညာရှင်များနှင့်အတူ ပြည်တွင်းမှလည်း ဟစ်ဟော့ပ်တေးသံရှင် ဂျောက်ဂျက်က Helping- Hands Project ၏ သံတမန်တစ်ဦးအဖြစ် ပါဝင်ဖျော်ဖြေမည် ဖြစ်သည်။ # Eleven