အီစတန်ဘူလ် နိုက်ကလပ် တိုက်ခိုက်မှုမှာ ၎င်းတို့ လက်ချက်ဟု အိုင်အက်စ် ကြေညာ

တူရကီနိုင်ငံ၊ အီစတန်ဘူလ်မြို့ရှိ နိုက်ကလပ် တစ်ခုကို အကြမ်းဖက် တိုက်ခိုက်ခဲ့ခြင်းမှာ ၎င်းတို့ လက်ချက်ဟု အိုင်အက်စ် စစ်သွေးကြွ အဖွဲ့က ကြေညာခဲ့သည်။ နှစ်သစ်ကူး အကြိုညက ရုပ်ဖျက်လာသည့် သေနတ်သမား တစ်ဦးက အီစတန်ဘူလ်ရှိ လူစည်ကားနေသော နိုက်ကလပ် တစ်ခုကို ရိုင်ဖယ်တစ်လက်ဖြင့် အလစ်အငိုက် စီးနင်းပစ်ခတ် တိုက်ခိုက်ခဲ့ရာ လူ ၃၉ ဦး သေဆုံး ခဲ့သည်။

 


သေနတ်သမားမှာမူ ရှုပ်ရှုပ်ထွေးထွေး အခြေအနေများကို အခွင့်အရေးယူကာ လွတ်မြောက်သွားခဲ့သည်။

တူရကီ ရဲတပ်ဖွဲ့သည် အဆိုပါ အမည်မသိ သေနတ်သမားကို ဖော်ထုတ် ဖမ်းဆီးနိုင်ရန် မြေလှန် ရှာဖွေမှုများ ပြုလုပ်လျက် ရှိသည်။ ထိုအတောအတွင်း အိုင်အက်စ် အကြမ်းဖက်သမားများက ကြေးနန်းဖြင့် ကြေညာချက် ထုတ်ပြန်ကာ ယင်းအကြမ်းဖက်မှုကို ၎င်းတို့ စီစဉ်ခဲ့ကြောင်း အခိုင်အမာ ပြောကြားလာခဲ့သည်။

အိုင်အက်စ်တို့သည် ပြီးခဲ့သည့် နှစ်အတွင်း ဥရောပတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများနှင့် ပတ်သက်၍လည်း ၎င်းတို့ စီစဉ်ညွှန်ကြားကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ဖူးပြီး ယခုဖြစ်ရပ်နှင့် ပတ်သက်၍မူ တူရကီ အာဏာပိုင်များက အိုင်အက်စ်၏အဆို မှန်မမှန် မှတ်ချက် မပေးသေးချေ။

“အစ္စလာမ်မစ် ကိုယ်ပိုင်နိုင်ငံ (အိုင်အက်စ်)ရဲ့ စစ်ဆင်ရေးတွေဟာ ဆက်ပြီး ကောင်းချီးပေး ခံနေရဆဲ ဖြစ်တယ်။ သူရဲကောင်း အိုင်အက်စ် စစ်သည်တော် တစ်ယောက်ဟာ ခရစ်ယာန်တွေက သူတို့ရဲ့ ဖောက်ပြန်မှားယွင်းတဲ့ အားလပ်ရက် ပွဲတော်ကို ဆင်နွှဲနေတဲ့အချိန် တူရကီက နာမည်အကြီးဆုံး နိုက်ကလပ် တစ်ခုကို ဝင်ရောက် တိုက်ခိုက်နိုင်ခဲ့တယ်”ဟု အိုင်အက်စ်က ကြေညာခဲ့သည်။

တူရကီသည် NATO စစ်မဟာမိတ် အုပ်စုဝင် နိုင်ငံတစ်ခုဖြစ်ပြီး ဆီးရီးယား ပိုင်နက်အတွင်းရှိ အိုင်အက်စ်များကို ဩဂုတ်လမှစ၍ မြေပြင်တပ်များ စေလွှတ်ပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက် ရှိသည်။

အီစတန်ဘူလ် နိုက်ကလပ်ကို ဝင်ရောက်စီးနင်း ပစ်ခတ်သွားသည့် တရားခံနှင့် ပတ်သက်၍ မည်သူမည်ဝါ မကြေညာနိုင်သေးသော်လည်း လုံခြုံရေး ကင်မရာများမှ ရရှိထားသည့် အဖြူအမည်း ပုံရိပ်များကို အခြေခံကာ ၎င်းသည် အာရှအလယ်ပိုင်း နိုင်ငံတစ်ခုမှ ဖြစ်နိုင်ကြောင်း တူရကီ ထောက်လှမ်းရေးများက ခန့်မှန်းထားသည်။

Ref: Reuters