အာဂျင်တီးနား သမ္မတဟောင်းအား တရားရုံး၌ အမှုရင်ဆိုင်ရန် တရားသူကြီး အမိန့်ပေး

အာဂျင်တီးနားသမ္မတဟောင်း ခရစ္စတီနာခါ့ခ်ျနာအား မှားယွင်းသောဘဏ္ဍာရေး စီမံခန့်ခွဲမှုအတွက် စွဲချက် တင်ထားခံရခြင်းအပေါ် တရားရုံး၌ လာရောက်အမှုရင်ဆိုင်ရန် ပြီးခဲ့သော ကြာသာပတေးနေ့ ၌ တရားသူကြီး က အမိန့်ပေးခဲ့သည်။

ယခုအမှုသည် အသက် ၆၄ နှစ်အရွယ်ရှိ လက်ဝဲယိမ်း အာဂျင်တီးနား သမ္မတဟောင်းအတွက် စွဲချက် တင်ထားခံရသော အမှုများစွာထဲကမှ ပထမဦးဆုံး တရားရုံး၌ ရင်ဆိုင်ဖြေရှင်းရမည့် အမှုဖြစ်သည်။

ခါ့ခ်ျနာနှင့် သူမ၏ပြိုင်ဘက်ဖြစ်သူ လက်ရှိသမ္မတ မော်ရီစီရိုမက်ခရီအား ပစ်မှတ်ထားသော အမှုကိစ္စများ သည် ယခုနှစ်အနှောင်းပိုင်းတွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ၌ အာဂျင်တီးနား နိုင်ငံရေး ရပ်ဝန်းကို ဖုံးလွှမ်းထားသည်။

ခါ့ခ်ျနာသည် ဗဟိုဘဏ်အား ဒေါ်လာအစုရှယ်ယာများကို နည်းပါးသော ဈေးနှုန်းဖြင့် ရောင်းချရန် အမိန့် ပေးခဲ့သည်ဟု စွပ်စွဲခံထားရပြီး ထိုကိစ္စကြောင့် အာဂျင်တီးနားနိုင်ငံသည် ဒေါ်လာသန်းပေါင်း ရာနှင့်ချီ၍ အရှုံးပေါ်ခဲ့ ရသည်။ သို့သော်လည်း သူမက ထိုအမှားအား မကျူးလွန်ခဲ့ကြောင်း ငြင်းဆန်ခဲ့သည်။

ခါ့ခ်ျနာ၏ ရှေ့နေများက သူမသည် စီးပွားရေးပေါ်လစီအား မှားယွင်းစွာစီမံခန့်ခွဲခဲ့မှုအတွက် တရားစွဲဆို မခံရသင့် ကြောင်း ပြောခဲ့သည်။

ဗဟိုတရားသူကြီးဖြစ်သူ ကလော်ဒီယိုဘိုနာဒီယိုက သူမ တရားရင်ဆိုင်ရမည့် နေ့စွဲအား သတ်မှတ်ရန် တရားရုံးတော်ကို အမိန့်ပေးခဲ့သည်။ ဒါ့အပြင် ခါ့ခ်ျနာလက်ထက်က စီးပွားရေးဝန်ကြီးဟောင်း အက်ဆယ် ခီစီလော့်ဖ် နှင့် ဗဟိုဘဏ်၏အကြီးအကဲဖြစ်ခဲ့သော အလက်ယန်ဒရိုဗာနိုလီ တို့ကိုလည်း ထိုအမှုဖြင့်ပင် စွဲချက်တင်ခံထားရခြင်း ကြောင့် တရားရင်ဆိုင်ဖို့ လာရောက်ရန် ပြောခဲ့သည်။

-Ref; AFP