အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ

အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ
(၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၁။)
၁၃၇၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်
(၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၁၈ ရက်)
ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
အခန်း(၁)
အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်
၁။
ဤဥပဒေကို အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေဟု ခေါ်တွင်စေရမည်။
၂။
ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် –
(က)
နိုင်ငံတော် ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ဆိုသည်။
(ခ)
ပြည်ထောင်စုအစိုးရအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စု အစိုးရအဖွဲ့ကို ဆိုသည်။
(ဂ)
ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့ ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့က ဖွဲ့စည်းတာဝန်ပေးအပ်သော ပြည်ထောင်စုအသင်းအဖွဲ့များ မှတ်ပုံတင်ရေး ဆောင်ရွက်ပေးသည့် အဖွဲ့ကို ဆိုသည်။
(ဃ)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှတ်ပုံတင်ရေးအဖွဲ့ ဆိုသည်မှာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်းတာဝန် ပေးအပ် သော တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အသင်းအဖွဲ့များ မှတ်ပုံတင်ရေး ဆောင်ရွက်ပေးသည့်အဖွဲ့ကို ဆိုသည်။
(င)
နေပြည်တော်ကောင်စီမှတ်ပုံတင်ရေးအဖွဲ့ ဆိုသည်မှာ နေပြည်တော် ကောင်စီက ဖွဲ့စည်းတာဝန်ပေးအပ်သော နေပြည်တော်ကောင်စီ အသင်း အဖွဲ့များ မှတ်ပုံတင်ရေး ဆောင်ရွက်ပေးသည့် အဖွဲ့ကို ဆိုသည်။
(စ)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှတ်ပုံတင်ရေးအဖွဲ့ ဆိုသည်မှာ  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့က ဖွဲ့စည်းတာဝန် ပေးအပ် သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အသင်းအဖွဲ့များမှတ်ပုံတင်ရေး ဆောင်ရွက်ပေးသည့် အဖွဲ့ကို ဆိုသည်။
(ဆ)
ခရိုင်မှတ်ပုံတင်ရေးအဖွဲ့ ဆိုသည်မှာ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန က ဖွဲ့စည်းတာဝန်ပေးအပ်သော ခရိုင်အသင်းအဖွဲ့များ မှတ်ပုံတင်ရေး ဆောင်ရွက်ပေးသည့် အဖွဲ့ကို ဆိုသည်။
(ဇ)
မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့ ဆိုသည်မှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ဖွဲ့စည်းတာဝန် ပေးအပ်သော မြို့နယ်အသင်းအဖွဲ့များ မှတ်ပုံတင်ရေး ဆောင်ရွက်ပေးသည့် အဖွဲ့ကို ဆိုသည်။
(ဈ)
အသင်းအဖွဲ့ ဆိုသည်မှာ ပြည်တွင်းအသင်းအဖွဲ့နှင့် အစိုးရမဟုတ်သော နိုင်ငံတကာ အသင်းအဖွဲ့ကို ဆိုသည်။
(ည)
ပြည်တွင်းအသင်းအဖွဲ့ ဆိုသည်မှာ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုး အလို့ငှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခွင့်အရေးများနှင့်အညီ ရည်ရွယ်ချက် တစ်ခုခု သို့မဟုတ် လုပ်ငန်းစဉ် တစ်ခုခုအတွက် သော်လည်းကောင်း၊ အဖွဲ့ဝင်များ၏ ဘုံအကျိုးစီးပွားအတွက် သော်လည်းကောင်း ငါးဦး သို့မဟုတ် ငါးဦးထက်ပိုသော လူအများ စုပေါင်း ဖွဲ့စည်းထားသည့် အကျိုး အမြတ်မယူသော နိုင်ငံတော်အတွင်းရှိ လူမှုရေးအသင်းအဖွဲ့ကို ဆိုသည်။ ယင်းစကားရပ်တွင် အသင်းအဖွဲ့များ၏ အဖွဲ့ခွဲများလည်း ပါဝင်သည်။
(ဋ)
အစိုးရမဟုတ်သော နိုင်ငံတကာ အသင်းအဖွဲ့ ဆိုသည်မှာ နိုင်ငံခြား တိုင်းပြည် တစ်ခုခုတွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပြီး ပြည်ထောင်စု မှတ်ပုံတင်ရေးအဖွဲ့တွင် မှတ်ပုံတင်ထားသည့် နိုင်ငံတော်အတွင်း လူမှုရေး လုပ်ငန်း တစ်ရပ်ရပ်ကို ဆောင်ရွက်ရန် ရည်ရွယ်သော အဖွဲ့အစည်းကို ဆိုသည်။
(ဌ)
မှတ်ပုံတင်လက်မှတ် ဆိုသည်မှာ ပြည်တွင်း အသင်းအဖွဲ့အဖြစ် အသိ အမှတ်ပြုလက်မှတ် သို့မဟုတ် အစိုးရမဟုတ်သော နိုင်ငံတကာ အသင်း အဖွဲ့အဖြစ် အသိအမှတ်ပြု လက်မှတ်တို့ကို ဆိုသည်။
(ဍ)
ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနကို ဆိုသည်။
(ဎ)
ဦးစီးဌာန ဆိုသည်မှာ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ဆိုသည်။
အခန်း(၂)
ရည်ရွယ်ချက်
၃။
ဤဥပဒေ၏ ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည် –
(က)
အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းကို ဤဥပဒေနှင့်အညီ ကျင့်သုံး ဆောင်ရွက် နိုင်စေရန်၊
(ခ)
အသင်းအဖွဲ့များကို ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်း ဆောင်ရွက်နိုင်စေရန်၊
(ဂ)
အသင်းအဖွဲ့များ၏ ဆောင်ရွက်ချက်များသည် နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်မှု နှင့် နိုင်ငံသားများ အကျိုးကို အထောက်အကူပြုနိုင်စေရန်၊
(ဃ)
အသင်းအဖွဲ့များသည် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာ တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနများထံမှ ဥပဒေနှင့်အညီ အကူအညီများ ရယူနိုင်ရန်၊
(င)
လူမှုအဖွဲ့အစည်းများ ခိုင်မာအားကောင်းစေရန်။
အခန်း(၃)
မှတ်ပုံတင်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ
၎။
အသင်းအဖွဲ့များ မှတ်ပုံတင်ရေးအတွက် မှတ်ပုံတင်ရေး အဖွဲ့များကို အောက်ပါ အတိုင်း ဖွဲ့စည်းရမည် –
(က)
ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့၊
(ခ)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှတ်ပုံတင်ရေးအဖွဲ့၊
(ဂ)
နေပြည်တော်ကောင်စီ မှတ်ပုံတင်ရေးအဖွဲ့၊
(ဃ)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှတ်ပုံတင်ရေး အဖွဲ့၊
(င)
ခရိုင်မှတ်ပုံတင်ရေးအဖွဲ့၊
(စ)
မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့။
၅။
(က)
ပြည်ထောင်စုအစိုးရအဖွဲ့သည် ပြည်ထောင်စု မှတ်ပုံတင်ရေးအဖွဲ့ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည် –
(၁)
ပြည်ထောင်စုဝန်ကြီး၊
ပြည်ထဲရေးဝန်ကြီးဌာန
ဥက္ကဋ္ဌ
(၂)
ဒုတိယဝန်ကြီး၊
နိုင်ငံတော်သမ္မတရုံး
အဖွဲ့ဝင်
(၃)
ဒုတိယဝန်ကြီး၊
နိုင်ငံခြားရေးဝန်ကြီးဌာန
အဖွဲ့ဝင်
(၄)
ဒုတိယဝန်ကြီး၊
အမျိုးသားစီမံကိန်းနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန
အဖွဲ့ဝင်
(၅)
ညွှန်ကြားရေးမှူးချုပ်၊
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန
အဖွဲ့ဝင်
(၆)
ညွှန်ကြားရေးမှူးချုပ်၊
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အတွင်းရေးမှူး
(၇)
ညွှန်ကြားရေးမှူးချုပ်၊
ပြည်ထောင်စုရှေ့နေချုပ်ရုံး
တွဲဖက်အတွင်းရေးမှူး
(ခ)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မှတ်ပုံတင်ရေး အဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်း ရမည်-
(၁)
လူမှုရေးရာဝန်ကြီး
ဥက္ကဋ္ဌ
(၂)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရဲတပ်ဖွဲ့မှူး
အဖွဲ့ဝင်
(၃)
တိုင်းဒေသကြီး သို့မဟုတ်
ပြည်နယ်အသင်း အဖွဲ့များမှ ကိုယ်စားလှယ်နှစ်ဦး
အဖွဲ့ဝင်များ
(၄)
ညွှန်ကြားရေးမှူး၊ တိုင်းဒေသကြီး
သို့မဟုတ် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အတွင်းရေးမှူး
(၅)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်
ဥပဒေ အရာရှိ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်ရုံး
တွဲဖက်အတွင်းရေးမှူး
(ဂ)
နေပြည်တော်ကောင်စီသည် နေပြည်တော်ကောင်စီ မှတ်ပုံတင်ရေးအဖွဲ့ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည် –
(၁)
နေပြည်တော်ကောင်စီဝင်တစ်ဦး
ဥက္ကဋ္ဌ
(၂)
နေပြည်တော်ရဲတပ်ဖွဲ့မှူး၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့
အဖွဲ့ဝင်
(၃)
နေပြည်တော်ကောင်စီ
အသင်းအဖွဲ့များမှ ကိုယ်စားလှယ်နှစ်ဦး
အဖွဲ့ဝင်များ
(၄)
ညွှန်ကြားရေးမှူး၊ နေပြည်တော်၊
အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန
အတွင်းရေးမှူး
(၅)
ခရိုင်ဥပဒေအရာရှိတစ်ဦး၊
ခရိုင်ဥပဒေရုံး
တွဲဖက်အတွင်းရေးမှူး
(ဃ)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရဒေသ မှတ်ပုံတင်ရေး အဖွဲ့အား အောက်ပါပုဂ္ဂိုလ်များဖြင့် ပါဝင် ဖွဲ့စည်း ရမည် –
(၁)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏
အလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦး
ဥက္ကဋ္ဌ
(၂)
ခရိုင်ရဲတပ်ဖွဲ့မှူး၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့
အဖွဲ့ဝင်
(၃)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ်
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသင်းအဖွဲ့ များမှ ကိုယ်စားလှယ်နှစ်ဦး
အဖွဲ့ဝင်များ
(၄)
လက်ထောက်ညွှန်ကြားရေးမှူး၊
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အတွင်းရေးမှူး
(၅)
ဥက္ကဋ္ဌက တာဝန်ပေးအပ်သော
သက်ဆိုင်ရာ ဥပဒေအရာရှိ
တွဲဖက်အတွင်းရေးမှူး
(င)
ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် ခရိုင် မှတ်ပုံတင်ရေး အဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်-
(၁)
ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ဥက္ကဋ္ဌ
(၂)
ခရိုင်ရဲတပ်ဖွဲ့မှူး၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့
အဖွဲ့ဝင်
(၃)
ခရိုင်အသင်းအဖွဲ့များမှ
ကိုယ်စားလှယ်နှစ်ဦး
အဖွဲ့ဝင်များ
(၄)
လက်ထောက်ညွှန်ကြားရေးမှူး၊
ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အတွင်းရေးမှူး
(၅)
ခရိုင်ဥပဒေအရာရှိ၊
ခရိုင်ဥပဒေရုံး
တွဲဖက်အတွင်းရေးမှူး
(စ)
မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသည် မြို့နယ် မှတ်ပုံတင်ရေး အဖွဲ့ကို အောက်ပါပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းရမည်-
(၁)
မြို့နယ်အုပ်ချုပ်ရေးမှူး၊
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ဥက္ကဋ္ဌ
(၂)
မြို့နယ်ရဲတပ်ဖွဲ့မှူး၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့
အဖွဲ့ဝင်
(၃)
မြို့နယ်အသင်းအဖွဲ့များမှ
ကိုယ်စားလှယ်နှစ်ဦး
အဖွဲ့ဝင်များ
(၄)
ဦးစီးအရာရှိ၊
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
အတွင်းရေးမှူး
(၅)
မြို့နယ်ဥပဒေအရာရှိ၊
မြို့နယ်ဥပဒေရုံး
တွဲဖက်အတွင်းရေးမှူး
၆။
မှတ်ပုံတင်ရေးအဖွဲ့များ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်သည် –
(က)
အသင်းအဖွဲ့များက မှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားခြင်းများနှင့် စပ်လျဉ်း၍ အဆုံးအဖြတ်ပေးခြင်း၊
(ခ)
ပြည်တွင်းအသင်းအဖွဲ့များအား မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းနှင့် လဲလှယ်ပေးခြင်း၊
(ဂ)
အသင်းအဖွဲ့များအား  ဥပဒေနှင့်အညီ ဆောင်ရွက်စေခြင်းနှင့် ကူညီပေးခြင်း၊
(ဃ)
အသင်းအဖွဲ့များ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များ လွယ်ကူ ချောမွေ့စေ ရန် သက်ဆိုင်ရာ ဌာန များနှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊
(င)
ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့သည် အစိုးရမဟုတ်သော နိုင်ငံတကာ အသင်းအဖွဲ့များကို မှတ်ပုံတင်ခွင့်ပြုခြင်းနှင့် သက်တမ်းတိုးမြှင့်ပေးခြင်းကို လည်းကောင်း၊ နိုင်ငံတစ်ဝန်းလုံးတွင် လှုပ်ရှားဆောင်ရွက်လိုသော ပြည်တွင်း အသင်းအဖွဲ့တို့ကို မှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်းနှင့် လဲလှယ်ပေးခြင်း တို့ကို လည်းကောင်း ဆောင်ရွက်ခြင်း၊
(စ)
ဤဥပဒေပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကိုလည်းကောင်း၊ ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေများ၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက် နှင့်လုပ်ထုံးလုပ်နည်းများပါ တားမြစ်ချက်တစ်ရပ်ရပ်ကို လည်းကောင်း ဖောက်ဖျက်ကြောင်း တွေ့ရှိရ ပါက မှတ်ပုံတင် လက်မှတ်လဲလှယ်ခြင်း သို့မဟုတ် သက်တမ်းတိုးခြင်းကို ငြင်းပယ်ခြင်း။
အခန်း(၄)
ပြည်တွင်းအသင်းအဖွဲ့များကို မှတ်ပုံတင်ခွင့်ပြုခြင်း
၇။
ပြည်တွင်းအသင်းအဖွဲ့များသည် ဆန္ဒအလျောက် မှတ်ပုံတင်လိုပါက အသင်းအဖွဲ့၏ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး သို့မဟုတ် တာဝန်ခံပုဂ္ဂိုလ်သည် သက်ဆိုင်ရာ မှတ်ပုံတင်ရေး အဖွဲ့သို့ အောက်ပါအချက်များကို ဖော်ပြ၍ လျှောက်ထားရမည်-
(က)
အသင်းအဖွဲ့အမည်၊
(ခ)
တည်နေရာနှင့်ဆက်သွယ်ရန်လိပ်စာ၊
(ဂ)
စတင်တည်ထောင်သည့်နေ့၊
(ဃ)
ရည်ရွယ်ချက်၊
(င)
လုပ်ငန်းစဉ်၊
(စ)
အမှုဆောင်ဦးရေ၊
(ဆ)
အသင်းဝင်ဦးရေ၊
(ဇ)
အသင်းပိုင်ငွေကြေးနှင့် ပစ္စည်းစာရင်း၊
(ဈ)
ဆောင်ရွက်ခဲ့သည့်လုပ်ငန်းများ၊
(ည)
ဖွဲ့စည်းပုံနှင့် စည်းမျဉ်း၊
(ဋ)
သီးခြားတင်ပြချက် (ရှိလျှင်)၊
(ဌ)
လျှောက်ထားသည့်ရက်စွဲ။
၈။
သက်ဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့သည် ပုဒ်မ ၇ အရ လျှောက်ထားသော အသင်း အဖွဲ့အား လျှောက်ထားသည့်နေ့မှ ခုနစ်ရက်အတွင်း (အစိုးရ ရုံးပိတ်ရက်များမပါ) ယာယီမှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးရမည်။ ဆက်လက်၍ သတ်မှတ်ချက် များနှင့်အညီ စိစစ်ပြီး –
(က)
နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးကို ထိခိုက်နိုင်ရန် အကြောင်း မရှိပါက အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ခြင်း ကို စည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုနိုင်သည်။ ထိုသို့ ခွင့်ပြုရန် ဆုံးဖြတ်ပါက လျှောက်လွှာ လက်ခံရရှိသည့် နေ့မှစ၍ မှတ်ပုံတင် လက်မှတ်ကို အောက်ဖော်ပြပါ သတ်မှတ်ကာလအတွင်း လျှောက်ထားသူအား ထုတ်ပေးရမည် –
(၁)
ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့၊ ၉၀ ရက်
(၂)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှတ်ပုံတင်ရေးအဖွဲ့၊ ၆၀ ရက်
(၃)
နေပြည်တော်ကောင်စီ မှတ်ပုံတင်ရေးအဖွဲ့၊ ၆၀ ရက်
(၄)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မှတ်ပုံတင်ရေးအဖွဲ့၊ ၃၀ ရက်
(၅)
ခရိုင်မှတ်ပုံတင်ရေးအဖွဲ့၊ ၃၀ ရက်
(၆)
မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့။ ၃၀ ရက်
(ခ)
မှတ်ပုံတင်ခွင့်ရရှိသည့် အသင်းအဖွဲ့မှာ မှတ်ပုံတင်ကြေးပေးသွင်းရန် လိုအပ်သည့် အသင်းအဖွဲ့ဖြစ်ပါက မှတ်ပုံတင်လက်မှတ် ထုတ်ပေးခြင်းမပြုမီ သတ်မှတ်ထားသော မှတ်ပုံတင်ကြေးကို ပေးသွင်းစေရမည်။
(ဂ)
အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ခွင့်မပြုကြောင်း ဆုံးဖြတ်ပါက ကျိုးကြောင်း ပြည့်စုံစွာ ဖော်ပြ၍ မှတ်ပုံတင်ခွင့်မပြုကြောင်း ပြန်ကြားစာကို ထိုသို့ ဆုံးဖြတ် သည့် နေ့မှစ၍ အောက်ဖော်ပြပါ သတ်မှတ်ကာလအတွင်း လျှောက်ထား သူထံ ပြန်ကြားရမည် –
(၁)
ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့၊ ၃၀ ရက်
(၂)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှတ်ပုံတင်ရေးအဖွဲ့၊ ၃၀ ရက်
(၃)
နေပြည်တော်ကောင်စီ မှတ်ပုံတင်ရေးအဖွဲ့၊ ၃၀ ရက်
(၄)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မှတ်ပုံတင်ရေး အဖွဲ့၊ ၁၅ ရက်
(၅)
ခရိုင်မှတ်ပုံတင်ရေးအဖွဲ့၊ ၁၅ ရက်
(၆)
မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့။ ၁၅ ရက်
၉။
မှတ်ပုံတင်ပေးရန် လျှောက်ထားသော အသင်းအဖွဲ့သည် သက်ဆိုင်ရာ မှတ်ပုံတင်ရေး အဖွဲ့က မှတ်ပုံတင်ခွင့်မပြုကြောင်း အကြောင်းပြန်ကြားစာ လက်ခံ ရရှိပါက ခွင့်မပြုသော အကြောင်းရင်းကို သက်ဆိုင်ရာ မှတ်ပုံတင်ရေး အဖွဲ့နှင့် ဆွေးနွေး၍ လိုအပ်ချက်များကို ပြင်ဆင် ဖြည့်စွက်ပြီး ပြန်လည် လျှောက်ထား နိုင်သည်။
၁၀။
ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော ပြည်တွင်းအသင်း အဖွဲ့ သည် နိုင်ငံတစ်ဝန်းလုံးတွင် လှုပ်ရှားဆောင်ရွက် ခွင့် ရှိသည်။ မှတ်ပုံတင်ကြေး ကျပ်တစ်သိန်း သတ်မှတ်သည်။
၁၁။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှတ်ပုံတင်ရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော အသင်းအဖွဲ့သည် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းတွင် လှုပ်ရှားဆောင်ရွက်ခွင့်ရှိသည်။ မှတ်ပုံတင်ကြေး သုံးသောင်းကျပ် သတ်မှတ်သည်။
၁၂။
နေပြည်တော်ကောင်စီ မှတ်ပုံတင်ရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော အသင်းအဖွဲ့ သည် နေပြည်တော်ကောင်စီ နယ်နိမိတ် အတွင်းတွင် လှုပ်ရှားဆောင်ရွက်ခွင့်ရှိသည်။ မှတ်ပုံတင်ကြေး သုံးသောင်းကျပ် သတ်မှတ်သည်။
၁၃။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှတ်ပုံတင်ရေး အဖွဲ့တွင် မှတ်ပုံတင်ထားသော အသင်းအဖွဲ့သည် သက်ဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း လှုပ်ရှား ဆောင်ရွက်ခွင့် ရှိသည်။ မှတ်ပုံတင်ကြေး ပေးသွင်းရန်မလို။
၁၄။
ခရိုင်မှတ်ပုံတင်ရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော အသင်းအဖွဲ့သည် သက်ဆိုင်ရာ ခရိုင်အတွင်း လှုပ်ရှားဆောင်ရွက်ခွင့်ရှိသည်။ မှတ်ပုံတင်ကြေး ပေးသွင်းရန်မလို။
၁၅။
မြို့နယ်မှတ်ပုံတင်ရေးအဖွဲ့တွင် မှတ်ပုံတင်ထားသော အသင်းအဖွဲ့သည် သက်ဆိုင်ရာ မြို့နယ်အတွင်း လှုပ်ရှားဆောင်ရွက်ခွင့်ရှိသည်။ မှတ်ပုံတင်ကြေး ပေးသွင်းရန် မလို။
အခန်း(၅)
အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့များကို မှတ်ပုံတင်ခွင့်ပြုခြင်း
၁၆။
အစိုးရ မဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့တစ်ခုခုသည် မှတ်ပုံတင် လက်မှတ် ရရှိရန် အောက်ပါအချက်များကို ဖော်ပြ၍ ယင်းအသင်းအဖွဲ့၏ တာဝန်ခံက ပြည်ထောင်စု မှတ်ပုံတင်ရေးအဖွဲ့သို့ လျှောက်ထားရမည်-
(က)
အသင်းအဖွဲ့အမည်၊
(ခ)
အကြီးအကဲအမည်၊
(ဂ)
တာဝန်ခံအမည်၊
(ဃ)
တည်နေရာနှင့်ဆက်သွယ်ရန်လိပ်စာ၊
(င)
အသင်းအခြေစိုက်နိုင်ငံ၊
(စ)
မြန်မာနိုင်ငံတွင်ဆောင်ရွက်မည့် လုပ်ငန်း၊
(ဆ)
ဆက်သွယ်ဆောင်ရွက်မည့် ဝန်ကြီးဌာနများ၊
(ဇ)
လုပ်ငန်းစီမံချက်၊
(ဈ)
အမှုဆောင်အဖွဲ့ဝင်ဦးရေ၊
(ည)
ရုံးခွဲတည်နေရာနှင့်ဆက်သွယ်ရန်လိပ်စာ၊
(ဋ)
ရုံးခွဲတာဝန်ခံအမည်၊
(ဌ)
လျှောက်ထားသည့်ရက်စွဲ။
၁၇။
ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့သည် ပုဒ်မ ၁၆ အရ လျှောက်ထားသော အသင်း အဖွဲ့အား လျှောက်ထားသည့်နေ့မှ ခုနစ်ရက်အတွင်း (အစိုးရရုံးပိတ်ရက်များမပါ) ယာယီမှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးရမည်။ ဆက်လက်၍ သတ်မှတ်ချက်များနှင့် အညီ စိစစ်ပြီး-
(က)
နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို ထိခိုက်နိုင်ရန် အကြောင်းမရှိပါက အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ခြင်းကို စည်းကမ်းချက် များ သတ်မှတ်၍ ခွင့်ပြုနိုင်သည်။ ထိုသို့ ခွင့်ပြုရန် ဆုံးဖြတ်ပါက လျှောက်လွှာ လက်ခံရရှိသည့် နေ့မှစ၍ ရက်ပေါင်း ၉၀ အတွင်း လျှောက်ထားသူအား မှတ်ပုံတင်လက်မှတ်ကို ထုတ်ပေးရမည်။
(ခ)
မှတ်ပုံတင်ခွင့်ရရှိသည့် အသင်းအဖွဲ့သည် သတ်မှတ်ထားသော မှတ်ပုံတင် ကြေးကို ပေးသွင်းရမည်။ မှတ်ပုံတင်ကြေး တစ်သိန်းကျပ် သတ်မှတ်သည်။
(ဂ)
အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ခွင့်မပြုကြောင်း ဆုံးဖြတ်ပါက ကျိုးကြောင်း ပြည့်စုံစွာ ဖော်ပြ၍ မှတ်ပုံတင်ခွင့် မပြုကြောင်း ရက်ပေါင်း ၃၀ အတွင်း ပြန်ကြားစာကို လျှောက်ထားသူအား ပြန်ကြားရမည်။
၁၈။
မှတ်ပုံတင်ပေးရန် လျှောက်ထားသော အသင်းအဖွဲ့သည် သက်ဆိုင်ရာ မှတ်ပုံတင်ရေး အဖွဲ့က မှတ်ပုံတင်ခွင့် မပြုကြောင်း အကြောင်းပြန်ကြားစာ လက်ခံ ရရှိပါက ခွင့်မပြုသော အကြောင်းရင်းကို သက်ဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့နှင့် ဆွေးနွေး၍ လိုအပ်ချက်များကို ပြင်ဆင်ဖြည့်စွက်ပြီး ပြန်လည်လျှောက်ထားနိုင်သည်။
အခန်း(၆)
မှတ်ပုံတင်ခွင့်လျှောက်ထားရန် မလိုသော အသင်းအဖွဲ့များ
၁၉။
ဤဥပဒေအရ မှတ်ပုံတင်ခွင့်လျှောက်ထားရန် မလိုသော အသင်းအဖွဲ့များမှာ အောက်ပါ အတိုင်း ဖြစ်သည်-
(က)
ဘာသာရေး၊ သာသနာရေးနှင့် စီးပွားရေးသက်သက်ကိုသာ ကျင့်သုံး ဆောင်ရွက်သော အသင်းအဖွဲ့များ၊
(ခ)
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ လျှောက်ထားရမည့် နိုင်ငံရေး အသင်းအဖွဲ့များ၊
(ဂ)
တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းထားသော အသင်းအဖွဲ့များ။
အခန်း(၇)
အသင်းအဖွဲ့များ၏ မှတ်ပုံတင်လက်မှတ်လဲလှယ်ခြင်းနှင့် သက်တမ်းတိုးခြင်း
၂၀။
မှတ်ပုံတင်လက်မှတ် ရရှိထားသော ပြည်တွင်းအသင်းအဖွဲ့များသည် –
(က)
သက်ဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့သို့ တစ်နှစ်တစ်ကြိမ် နှစ်ပတ်လည် အစီရင်ခံစာကို ငွေစာရင်း ရှင်းတမ်းနှင့်အတူ တင်ပြရမည်။
(ခ)
နှစ်စဉ်နှစ်ပတ်လည် အစီရင်ခံစာ ပုံမှန်တင်ပြခြင်းဖြင့် ဆက်လက် တည်ရှိ နေသည်ဟု မှတ်ယူ၍ ငါးနှစ်လျှင်တစ်ကြိမ် မှတ်ပုံတင်လက်မှတ် အသစ် လဲလှယ်ခွင့်ရှိသည်။
(ဂ)
ပုဒ်မခွဲ (ခ) အရ လဲလှယ်ခြင်းအတွက် မှတ်ပုံတင်ကြေး ပေးဆောင်ရန်မလို။
၂၁။
မှတ်ပုံတင်လက်မှတ် ရရှိထားသော အစိုးရ မဟုတ်သော နိုင်ငံတကာ အသင်းအဖွဲ့ များသည် ငါးနှစ်လျှင် တစ်ကြိမ်သက်တမ်း တိုးခွင့်ရှိသည်။ သက်တမ်းတိုးခြင်း အတွက် သတ်မှတ်သည့် မှတ်ပုံတင်ကြေးကို ထပ်မံပေးဆောင်ရမည်။
၂၂။
မှတ်ပုံတင်လက်မှတ် ရရှိထားသော အသင်းအဖွဲ့များသည် သက်ဆိုင်ရာ မှတ်ပုံတင်ရေး အဖွဲ့သို့ နှစ်ပတ်လည်အစီရင်ခံစာကို တစ်ဆက်တည်း ငါးနှစ် တင်ပြရန် ပျက်ကွက်ပါက ယင်းအသင်းအဖွဲ့သည် လှုပ်ရှား ရပ်တည် ဆောင်ရွက်မှု မရှိဟု မှတ်ယူမည် ဖြစ်ပြီး ဆက်လက်လှုပ်ရှား ဆောင်ရွက်လိုပါက မှတ်ပုံတင်အသစ် လျှောက်ထားသကဲ့သို့ ပြန်လည် လျှောက်ထားရမည်။
၂၃။
သက်ဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့က မှတ်ပုံတင်လက်မှတ် လဲလှယ်ပေးရန် ငြင်းပယ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းခံရသည့် ပြည်တွင်း အသင်းအဖွဲ့များသည် အကြောင်း ပြန်ကြားစာ လက်ခံရရှိပါက ရက်ပေါင်း ၆၀ အထိ ဆက်လက် ရပ်တည် နိုင်ခွင့်ရှိသည့်အပြင် ခွင့်မပြုသော အကြောင်းရင်းကို သက်ဆိုင်ရာ မှတ်ပုံတင်ရေး အဖွဲ့နှင့် ဆွေးနွေး၍ လိုအပ်ချက်များကို ပြင်ဆင်ဖြည့်စွက်ပြီး ပြန်လည် လျှောက်ထား နိုင်သည်။
၂၄။
သက်ဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့က မှတ်ပုံတင်လက်မှတ် သက်တမ်းတိုးရန် ငြင်းပယ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းခံရသည့် အစိုးရမဟုတ်သော နိုင်ငံတကာ အသင်းအဖွဲ့ သို့မဟုတ် နိုင်ငံတစ်ဝန်းလုံးတွင် လှုပ်ရှားဆောင်ရွက်လိုသော ပြည်တွင်း အသင်းအဖွဲ့များသည် အကြောင်းပြန်ကြားစာ လက်ခံရရှိသည့်နေ့မှ ရက်ပေါင်း ၁၂၀ အထိ ဆက်လက်ရပ်တည်နိုင်ခွင့်ရှိသည့်အပြင် ခွင့်မပြုသော အကြောင်းရင်းကို သက်ဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့နှင့် ဆွေးနွေး၍ လိုအပ်ချက် များကို ပြင်ဆင်ဖြည့်စွက်ပြီး ပြန်လည် လျှောက်ထားနိုင်သည်။
အခန်း(၈)
အသင်းအဖွဲ့များအား အကာအကွယ်ပေးခြင်းနှင့် အကျိုးခံစားခွင့်
၂၅။
မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့ တစ်ရပ်ရပ်၏ ဥပဒေနှင့်အညီ လှုပ်ရှား ဆောင်ရွက်မှုများကို ဝန်ကြီးဌာနနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့အစည်းများက ဥပဒေနှင့်အညီ ပံ့ပိုးကူညီခြင်းနှင့် အကာအကွယ်ပေးခြင်း ပြုရမည်။
၂၆။
မှတ်ပုံတင်ထားသည့် ပြည်တွင်း အသင်းအဖွဲ့ တစ်ရပ်ရပ်သည် နိုင်ငံတော်က ပေးအပ်သည့် အထောက်အပံ့များကို လက်ခံ ရယူခွင့် ရှိသည်။
၂၇။
မှတ်ပုံတင်ထားသည့် ပြည်တွင်းအသင်းအဖွဲ့များသည် နိုင်ငံတကာအစိုးရ တစ်ရပ်ရပ် ထံမှ ဖြစ်စေ၊ အစိုးရ မဟုတ်သော နိုင်ငံတကာ အသင်းအဖွဲ့ တစ်ရပ်ရပ် ထံမှ ဖြစ်စေ၊ ပြည်တွင်းအသင်းအဖွဲ့ တစ်ရပ်ရပ်ထံမှဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ထံမှ ဖြစ်စေ အထောက်အပံ့ကို တည်ဆဲဥပဒေများနှင့်အညီ လက်ခံရယူနိုင်သည်။
၂၈။
မှတ်ပုံတင်ထားသည့် ပြည်တွင်း အသင်းအဖွဲ့တစ်ရပ်ရပ်သည် တရားစွဲဆိုခွင့်၊ တရားစွဲဆို ခံပိုင်ခွင့်၊ ရန်ပုံငွေဖွင့်လှစ် တည်ထောင် ပိုင်ခွင့်၊ ဥပဒေနှင့်အညီ အလှူငွေ ကောက်ခံနိုင်ခွင့်၊ ဘဏ်စာရင်းဖွင့်လှစ်နိုင်ခွင့်နှင့် ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့ပြောင်းနိုင်သော ပစ္စည်း ပိုင်ဆိုင်ခွင့်ရှိသည်။
၂၉။
မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့တစ်ရပ်ရပ်သည် မိမိအသင်းအဖွဲ့၏ ကိုယ်ပိုင် တံဆိပ်၊ ကိုယ်ပိုင်အမှတ်အသား၊ ကိုယ်ပိုင်ဝတ်စုံ၏ ဒီဇိုင်းပုံစံတို့ကို သက်ဆိုင်ရာ ဥပဒေနှင့် အညီ မူပိုင်ခွင့်ရှိသည်။
အခန်း (၉)
အထွေထွေ
၃၀။
မည်သည့် နိုင်ငံရေးပါတီဝင်မဆို ဤဥပဒေအရ ဖွဲ့စည်းသော အသင်းအဖွဲ့များတွင် သက်ဆိုင်ရာ ပါတီကိစ္စမှအပ ဝင်ရောက်လှုပ်ရှား ဆောင်ရွက်ခွင့်ရှိသည်။
၃၁။
မည်သည့် နိုင်ငံ့ဝန်ထမ်းမဆို ဤဥပဒေအရ ဖွဲ့စည်းသော အသင်းအဖွဲ့များတွင် နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့်အညီ ဝင်ရောက် လှုပ်ရှား ဆောင်ရွက်နိုင်သည်။
၃၂။
အသင်းအဖွဲ့များသည် အချင်းချင်း မိတ်ဖက်ပြုလုပ်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် အပြန်အလှန်တာဝန်ယူမှု၊ ရပိုင်ခွင့်နှင့် အခန်းကဏ္ဍများ၌ ညီညွတ်မျှတသော အခြေအနေဖြစ်ရန် ဆောင်ရွက်ရမည်။
၃၃။
မှတ်ပုံတင်လက်မှတ် ရရှိထားသောအသင်းအဖွဲ့များသည် ခွင့်ပြုစဉ်က ဖော်ပြခဲ့သည့် ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်ကိုပြောင်းလဲ၍ လုပ်ကိုင်ဆောင်ရွက်လိုလျှင် ဖြစ်စေ၊ ကျော်လွန် ဆောင်ရွက်လိုလျှင်ဖြစ်စေ သက်ဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့သို့ တင်ပြ၍ ခွင့်ပြုချက်ရယူ ဆောင်ရွက်ရမည်။
၃၄။
ပြည်တွင်းအသင်းအဖွဲ့ တစ်ဖွဲ့သည် မြို့နယ်အဆင့်မှ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အဆင့်သို့ တိုးချဲ့ဖွဲ့စည်းလိုပါက ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့သို့ တင်ပြလျှောက်ထား ဆောင်ရွက်ရမည်။
၃၅။
ပြည်တွင်းအသင်းအဖွဲ့တစ်ဖွဲ့သည် နိုင်ငံအတွင်း မည်သည့် ဘေးအန္တရာယ်မျိုးကို မဆို ကြုံတွေ့ရသည့်ဒေသသို့ နယ်မြေကျော်လွန် ဆောင်ရွက်နိုင်ခွင့်ရှိပြီး ဆောင်ရွက်မည့် သက်ဆိုင်ရာ ဒေသ၏ အုပ်ချုပ်ရေးအဖွဲ့နှင့် မှတ်ပုံတင်ရေးအဖွဲ့သို့ အကြောင်းကြား၍ လှုပ်ရှား ဆောင်ရွက်ရမည်။
၃၆။
မှတ်ပုံတင်ခြင်း မပြုရသေးသော အစိုးရ မဟုတ်သော နိုင်ငံတကာ အသင်းအဖွဲ့ တစ်ခုသည် နိုင်ငံအတွင်း မည်သည့်ဘေးအန္တရာယ်မျိုးကိုမဆို ကြုံတွေ့နေသည့် ဒေသတွင် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်လိုပါက ပြည်ထောင်စု မှတ်ပုံတင်ရေး အဖွဲ့သို့ လျှောက်ထားရမည်။ ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့က ယာယီ မှတ်ပုံတင်ခွင့် လက်မှတ်ကို ဆောလျင်စွာ ထုတ်ပေးရမည်။
၃၇။
အသင်းအဖွဲ့တစ်ခုသည် ဖျက်သိမ်းခြင်း၊ အမည်ပြောင်းလဲခြင်း၊ အသင်းလိပ်စာ ပြောင်းလဲခြင်း ပြုလိုပါက ဖွဲ့စည်းမှတ်ပုံတင်ထားသော သက်ဆိုင်ရာ မှတ်ပုံတင်ရေး အဖွဲ့သို့ ခုနစ်ရက်အတွင်း စာဖြင့် အကြောင်းကြားတင်ပြရမည်။
၃၈။
အသင်းအဖွဲ့ တစ်ခုသည် ယင်းအဖွဲ့တွင် ပါဝင်သော ပုဂ္ဂိုလ်များ ဆန္ဒအလျောက် နုတ်ထွက်ခြင်း၊ ကွယ်လွန်ခြင်း၊ တစ်စုံတစ်ခုသော အကြောင်းကြောင့် အသင်းအဖွဲ့ ကိုယ်စားပြု ကိုယ်စားလှယ်များ ပြောင်းလဲခြင်းပြုလိုပါက ဖွဲ့စည်း မှတ်ပုံတင် ထားသော သက်ဆိုင်ရာ မှတ်ပုံတင်ရေးအဖွဲ့သို့ ခုနစ်ရက်အတွင်း စာဖြင့် အကြောင်းကြား တင်ပြရမည်။
၃၉။
အဆင့်ဆင့်သော မှတ်ပုံတင်ရေး အဖွဲ့များအတွက် အသင်းအဖွဲ့ ကိုယ်စားပြု ကိုယ်စားလှယ်များကို နှစ်နှစ်လျှင်တစ်ကြိမ် အသင်းအဖွဲ့များ၏ အစီအစဉ်ဖြင့် ညှိနှိုင်း ရွေးချယ် တာဝန်ပေးအပ်နိုင်သည်။
၄၀။
ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် –
(က)
ဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများ ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ထုတ်ပြန်နိုင်သည်။
(ခ)
ပြည်ထောင်စုမှတ်ပုံတင်ရေးအဖွဲ့သည် လိုအပ်သော အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။
(ဂ)
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်မှတ်ပုံတင်ရေးအဖွဲ့နှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ မှတ်ပုံတင်ရေး အဖွဲ့တို့သည် လိုအပ်သော အမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန် နိုင်သည်။
၄၁။
အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၊ ဥပဒေအမှတ် ၆/၈၈) အရ ထုတ်ပြန်ခဲ့သော နည်းဥပဒေများ၊ လုပ်ထုံး လုပ်နည်းများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို ဤဥပဒေနှင့် မဆန့်ကျင် သရွေ့ ဆက်လက် ကျင့်သုံး ဆောင်ရွက်ခွင့်ရှိသည်။
၄၂။
အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၊ ဥပဒေအမှတ် ၆/၈၈) အရ မှတ်ပုံတင်၍ ဖွဲ့စည်းထား ရှိသောအသင်းအဖွဲ့များသည် ဤဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် အသင်း အဖွဲ့များ အဖြစ် မှတ်ယူရမည်။
၄၃။
အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၊ ဥပဒေအမှတ် ၆/၈၈) အား ဤဥပဒေဖြင့် ရုပ်သိမ်း လိုက်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ် လက်မှတ် ရေးထိုးသည်။
                                                                                                                  ပုံ (သိန်းစိန်)
                                                                                                             နိုင်ငံတော်သမ္မတ
                                                                                            ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

Leave a Reply