အမရပူရမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

အမရပူရမြို့နယ် ​ပြည်​ခိုင်​ဖြိုးပါတီရုံးခန်းမ၌ အမရပူရမြို့နယ် ​ပြည်​ခိုင်​ဖြိုးပါတီမှ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။ အခမ်းအနားကို အစီအစဉ် သုံးပိုင်းခွဲ၍ ကျင်းပသွားမည်ဖြစ်ကာ အစီအစဉ်ပထမပိုင်းတွင် သဘာပတိအဖွဲ့မှ နေရာယူပြီးနောက် အခမ်းအနားကို နိုင်ငံတော်အလံအားအလေးပြု၍ နိုင်ငံတော်သီချင်း သံပြိုင်သီဆိုကာ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အမရပူရမြို့နယ်​ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦးက အဖွင့်အမှာစကားပြောကြား၍ မြို့နယ်ပါတီအတွင်း​ရေးမှူး ဒေါ်​စောမြိုင်​က ဗဟိုအမျိုးသမီးညီလာခံအကြို ​အမရပူရမြို့နယ်၊ အမျိုးသမီးနှီးနှောဖလှယ်ပွဲကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် အစီအစဉ် ပထမပိုင်းပြီးဆုံး၍ သဘာပတိအဖွဲ့မှ ပြန်လည်ထွက်ခွာခဲ့ပါသည်။

အစီအစဉ်အရ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများအလိုက် အစုအဖွဲ့များဖွဲ့စည်း၍ အစုအဖွဲ့များအနေဖြင့် နှီးနှော ဖလှယ်ပွဲတွင် တင်သွင်းမည့်စာတမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး စာတမ်းလေးစောင်အား တင်သွင်းနိုင်ရန် အတွက် မှတ်တမ်းတင်ခြင်းအား ဒုတိယပိုင်းအစီအစဉ်တွင် ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ အစီအစဉ် တတိယပိုင်းကိုကျင်းပခဲ့ရာ သဘာပတိအဖွဲ့မှ ပြန်လည်နေရာယူပြီးနောက် နှီးနှောဖလှယ်ပွဲတွင် အစုအဖွဲ့အလိုက်မှတ်တမ်းတင်ဆွေးနွေးခဲ့ကြသော စာတမ်းများဖြစ်သည့် မြန်မာအမျိုးသမီး များနှင့် မြန်မာ့နိုင်ငံရေးအခန်းကဏ္ဍမြှင့်တင်ရေးစာတမ်းကို ​အမရပူရမြို့နယ်​ လက်​ပံဇင်​​ကျေးရွာမှ ပါတီဝင် မပပ​အောင်​က လည်းကောင်း၊ မြန်မာအမျိုးသမီးများ၏ဘဝလုံခြုံမှု၊ ငြိမ်းချမ်းသာယာမှုနှင့်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးစာတမ်းကို ငယ်​တိုး​ကျေးရွာပါတီဥက္ကဋ္ဌ ​ဒေါ်ကြည်​ကြည်​မြင့်​က လည်းကောင်း၊ အမျိုးသမီးထုအတွင်း အမျိုးဂုဏ် ဇာတိဂုဏ် ထိန်းသိမ်းရေး၊ အမျိုးသမီးများ၏ အခွင့်အရေးများကို ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံနှင့်အညီ အကောင်အထည်ဖော်ဆောင်ရေးစာတမ်းကို မှန်​တန်းရပ်​ကွက်​မှပါတီဝင်​ မ​အေးပြုံးဟန်​က လည်းကောင်း၊ အမျိုးသမီးပါတီဝင်သစ်များ စုဆောင်းရေးနှင့် ၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပါတီဝင် အမျိုးသမီးများအား စဉ်ဆက်မပြတ် လေ့ကျင့်ပျိုးထောင်ပေးရေးစာတမ်းကို သူငယ်​​တော်​​ကျေးရွာ ပါတီဥက္ကဋ္ဌ ​ဒေါ်စန်းစန်း​မော်​က လည်းကောင်း ဖတ်ကြားတင်သွင်းခဲ့သည်။ ထို့နောက် ​အမရပူရမြို့နယ် အမျိုးသမီးနှီးနှော ဖလှယ်ပွဲ၏ တွေ့ရှိချက်၊ ဆုံးဖြတ်ချက်နှင့်ရှေ့လုပ်ငန်းစဉ်များအား ထုတ်ပြန်ခဲ့ကာ သဘာပတိမှ ဖတ်ကြား တင်သွင်းခဲ့သော စာတမ်းများအား မှတ်တမ်းတင်ခြင်းနှင့်ရှေ့လုပ်ငန်းစဉ်များအား အတည်ပြုခြင်းတို့အား ဆောင်ရွက်ပြီးနောက် ​အမရပူရမြို့နယ်​ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားအား ပြည်ခိုင်ဖြိုးဟေ့ တေးသီချင်း သံပြိုင်သီဆို၍ ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ ပထမအကြိမ်​ အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးဝင်း​မောင်​၊ တိုင်းဒေသကြီးပါတီ​ကော်​မတီဝင်​ မန္တ​လေးခရိုင်​နယ်​​မြေတာဝန်​ခံ ဦးမျိုးမြင့်​၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ အမျိုးသမီး​ရေးရာတာဝန်​ခံ ​ဒေါ်လှလှ​အေး၊ တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦး​ကျော်​စန်း၊ မန္တ​လေးခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်​ပါတီအတွင်း​ရေးမှူး ​ဒေါ်ဝါဝါလှိုင်​နှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးသိန်းထွန်းဦးနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ဖိတ်​ကြားထားသည့်​ဧည့်​သည်​​တော်​များ၊ ပါတီဝင်အမျိုးသမီးများ အပါအဝင် စုစုပေါင်းအင်အား (၁၂၀) ဦးခန့်​ တက်ရောက်ခဲ့ကြပါသည်။