“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်/မဖြစ်ဆိုတာကို စောင့်ကြည့်ရ ဦးမယ်လို့ပဲ ပြောချင်ပါတယ်”

မေး- လာမယ့်ကြားဖြတ်ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမယ်လို့ ယုံကြည်ပါသလား။

ဖြေ- အခုရွေးကောက်ပွဲကော်မရှင်အနေနဲ့ လုပ်ဆောင်နေတဲ့အပေါ်မှာတော့ အခုလည်းနိုင်ငံရေးပါတီတွေ ခေါ်ပြီး တော့ အစည်းအဝေးတွေလုပ်တယ်၊ တချို့ညွှန်ကြားချက်လေးတွေ ထုတ်တာလေးတွေရှိတယ်၊ ဒါလေးတွေတော့တွေ့ နေရတယ်၊ သို့သော်လည်းပဲ ကျွန်တော်တို့ပါတီ အနေနဲ့ပြောရရင် တချို့နေရာလေးတွေမှာ နည်းနည်းလေး အခက်အခဲ ဖြစ်တာလေးတွေ ရှိပါတယ်။ ဥပမာပြောရရင် မိုင်းရှူးမဲဆန္ဒနယ်မှာရှိတဲ့ မဲရုံတွေအနက် မဲရုံကိုးရုံလောက်က လုံခြုံရေး ယူရမယ့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ တပ်မတော်တို့၊ မီးသတ်တပ်ဖွဲ့ စသဖြင့်ပေါ့။ အဲဒီအဖွဲ့တွေကို လက်မခံဘူး၊ သူတို့ ဘာသာပဲ လုံခြုံရေးယူမယ်ဆိုပြီးတော့ပြောတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့က ဒါဟာ မဖြစ်သင့်ဘူး၊ လုံခြုံရေး ယူသင့်တယ်။ ဒါမှလည်း တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မယ်၊ ဒါကြောင့်မို့လို့ ဒီဟာလေးက မဖြစ်သင့် ဘူးဆိုပြီး၊ ကန့်ကွက်လွှာတင်ထားတယ်။

 

နောက်တစ်ခု လောလောလတ်လတ်ပါပဲ။ ကျွန်တော်တို့ ပါတီဥက္ကဋ္ဌဦးသန်းဌေး နယ်လှည့်ပြီး စည်းရုံးရေးလုပ်ငန်းတွေ လုပ်နေတဲ့ အစီအစဉ်မှာ ကယားပြည်နယ်ကို မတ်လ (၈) ရက်နဲ့ (၉)ရက်မှာသွားခဲ့တယ်။ ဒါနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ်ပြည်ခိုင်ဖြိုးကလည်း သက်ဆိုင်ရာကော်မရှင်တွေ၊ နောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တွေအားလုံးကို ကြိုတင်ပြီး ခွင့်တောင်းတယ်။ ခွင့်တောင်းတဲ့အချိန်မှာ ပထမ ကော်မရှင်ကိုလည်း ခွင့်တောင်းတယ်။ ကော်မရှင်ကလည်း ဒါကို ကန့်ကွက်မှု မရှိဘူး ခွင့်ပြုတယ်။ သက်ဆိုင်ရာမြို့နယ် ရွေးကောက်ပွဲ စေ့စပ်ညှိနှိုင်းရေး ကော်မတီက ညှိနှိုင်းဆောင်ရွက်ပေးမယ်ဆိုပြီး အကြောင်းပြန်ကြားလာတယ်၊ နောက်တစ်ခုက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးဆီလည်း ခွင့်တောင်းတယ်၊ ခွင့်တောင်းတော့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးကလည်း ခွင့်ပြုတယ် ဆိုပြီး အကြောင်းပြန်လာတယ်၊ ဥက္ကဋ္ဌ ဦးသန်းဌေး ၈ ရက်နေ့ လွိုင်ကော်ရောက်တဲ့ အချိန်မှာ ခရိုင်ထွေအုပ်ကနေ ဒါသူတို့ဆီကို ကြိုမတင်လို့ တင်ထား တာနောက်ကျလို့ ခွင့်မပြုဘူးဆိုပြီး အကြောင်းကြားတယ်လို့ သိရတယ်။

အတိအကျပြောရရင် ပြည်နယ်ပြည်ခိုင်ဖြိုးကနေ ပြည်နယ်ကော်မရှင်ထံကို ဖေဖော်ဝါရီ ၂၇ ကတည်းက စာနဲ့ခွင့်ပြု ချက်တောင်းထားတယ်၊ မတ် ၁ ရက်နေ့မှာပဲ ပြည်နယ်ကော်မရှင်ကနေပြီးတော့ အကြောင်းကြားလာတယ်၊ ကန့်ကွက် ဖို့မရှိကြောင်းနဲ့ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသွားမယ်၊ ပြီးကျမှ တွေ့ဆုံပွဲဆိုင်ရာကိစ္စရပ်များအတွက် အုပ်ချုပ်ရေးဌာနများကို လုပ်ထုံးလုပ်နည်းနဲ့ ခွင့်ပြုချက်ယူပြီး လုပ်ဆောင်ပါလို့ စာလာတယ်၊ ဒါကြောင့်မို့လို့ မတ် ၃ ရက်နေ့မှာ ပြည်နယ်ပြည်ခိုင်ဖြိုးကနေ လွိုင်ကော်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးဆီ ခွင့်တောင်းတယ်၊ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကိုလည်း မိတ္တူပို့တယ်၊ ခွင့်တောင်းတော့ မတ် ၇ ရက်နေ့မှာပဲ မြို့နယ် အုပ်ချုပ်ရေးမှူးကနေ ပြည်နယ်ပြည်ခိုင်ဖြိုးဆီပြန်လာတယ်၊ ဒါနဲ့ပတ်သက်လို့ ခွင့်ပြုတယ်လို့ အကြောင်းကြားလာပါတယ်၊ အကြောင်းကြားစာ ပြန်လာပြီးတော့ မတ် ၈ ရက်နေ့မှာ ခရိုင်အုပ်ချုပ်ရေးမှူးဌာန က ဒါကို သူတို့ဆီကို ၄၈ နာရီ ကြိုပြီးခွင့်မတောင်းလို့ ခရိုင်ရုံးကို ပေးတဲ့စာက (၇-၃-၂၀၁၇) မှရလို့ ဥပဒေနှင့် မညီဘူးဆိုပြီး စာပြန်ပါတယ်၊ ပြောချင်တာက အခု လောလော ဆယ် စည်းရုံးရေးဆင်းတဲ့ကာလလေးမှာ နည်းနည်းလေး အခက်အခဲဖြစ်နေတာလေးတွေကို ပြောချင်တယ်ပေါ့လေ။ ဒါလေးတွေ ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့က လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်/မဖြစ်ဆိုတာကို စောင့်ကြည့်ရဦးမယ်လို့ပဲ ပြောချင်ပါတယ်။

(ဒီမိုကရေစီတူဒေးသတင်းစာနှင့် ပါတီဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်း တွေ့ဆုံမေးမြန်းမှုများမှ ကောက်နှုတ်ဖော်ပြပါသည်။)