ရခိုင်လူငယ်မောင်မယ်များ ပရတိအသင်း(စစ်တွေ) မှ ဦးစီးဖွင့်လှစ်သော အခမဲ့ကွန်ပျူတာ သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် သင်တန်းသားသစ် များအား ကြိုဆိုပွဲပြုလုပ်

 

ရခိုင်လူငယ်မောင်မယ်များ ပရတိအသင်း(စစ်တွေ) မှ ဦးစီးဖွင့်လှစ်သော အခမဲ့ကွန်ပျူတာသင်တန်း သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲနှင့် သင်တန်းသားသစ်များအား ကြိုဆိုပွဲအခမ်းအနားကို စစ်တွေမြို့၊ ရှုပ မြောက်ရပ်ကွက်ရှိ အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းခန်းမတွင် ယမန်နေ့ နံနက် ၈ နာရီက ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ကွန်ပျူတာသင်တန်းဖြစ်မြောက်ရေး အလှူရှင်များနှင့် အတူ ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေါက်တာစန်းရွှေမှလည်း တက်ရောက်ခဲ့ကာ ၀မ်းမြောက်ဝမ်းသာစကားများ ပြောကြားခဲ့သည်။

“အဓိကတော့ ရခိုင့်လူငယ်လေးတွေ နည်းပညာပိုင်းအရ တိုးတက်စေချင် တာတွေ၊ အခုခေတ်မှာက ကွန်ပျူတာမတတ်ရင် ဘာမှလုပ်လို့မရဆိုသလို ကွန်ပျူတာကတဆင့် ဆိုရှယ်မီဒီယာအထိ ကျယ်ပြန့်လာတာဖြစ်တဲ့အတွက် ရခိုင့်လူငယ်မောင်မယ်လေးတွေကို ဒီနည်းပညာပိုင်းတွေနဲ့ ဝေးမသွားစေချင် ဘူး။ ဒါကြောင့် ဒီအခမဲ့ကွန်ပျူတာသင်တန်းမှာ ရခိုင့်လူငယ်လေးတွေ ဘာ စိတ်အနှောင့်အယှက်မှ မရှိဘဲ လွတ်လွတ်လပ်လပ်တက်ရောက်ပြီးတော့ နည်းပညာတွေ ရရှိအောင် ကျနော်တို့က အတတ်နိုင်ဆုံး ပံ့ပိုးလှူဒါန်းတာဖြစ် ပါတယ်”ဟု လှူရသည့်ရည်ရွယ်ချက်အကြောင်းအရာနှင့် ပတ်သက်၍ ဒေါက်တာစန်းရွှေမှ ပြောကြားသည်။

အဆိုပါသင်တန်းကို ယခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့က တစ်ကြိမ်နှင့် ယမန်နေ့က တစ်ကြိမ်ဖြင့် နှစ်ကြိမ်မြောက်သင်ကြားသွားမည်ဖြစ်ပြီး တစ်ကြိမ် ကို နှစ်လကြာသင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းတစ်ကြိမ်တွင် သင်တန်းသား၊ သင်တန်းသူ (၆၀) ဦးအား သင်ကြားပို့ချလျက်ရှိကြောင်း အသင်းအတွင်းရေးမှူး ဒေါ်နွယ်နွယ်စိုးက ပြောကြားသည်။

“ကျွန်မတို့အသင်းဟာ ပထတော့ သွေးလှူဒါန်းတာတို့၊ ကူညီကယ်ဆယ်ရေး လုပ်တာတို့ကိုပဲ ဦးစားပေးလုပ်ဆောင်နေတာပါ။ ဒါပေမယ့် ရခိုင့်လူငယ်တွေ ဟာ ကွန်ပျူတာပညာကို အကုန်လုံးမဟုတ်ရင်တောင်မှ အခြေခံလောက်တော့ တတ်ထားသင့်တယ်လို့ ယူဆပြီးတော့ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

အဓိကတော့ အလှူရှင်တွေရဲ့ ပံ့ပိုးလှူဒါန်းမှုကြောင့် အခုလို ကွန်ပျူတာအလုံး ၂၀ နဲ့ ဒီအ.လ.က (၄) မှာ ခမ်းနားထည်ဝါစွာ ဖွင့်လှစ်နိုင်ခဲ့တာလည်းဖြစ်ပါ တယ်”ဟု ဒေါ်နွယ်နွယ်စိုးက သင်တန်းဖြစ်ပေါ်လာပုံကို ပြောပြသည်။

အဆိုပါသင်တန်းမှာ နေ့စဉ်တနင်္လာနေ့မှ သောကြာနေ့ထိ သင်ကြားချိန် သုံးချိန်ဖြင့် သင်တန်းနည်းပြဆရာ၊ ဆရာမ သုံးဦးမှ စေတနာဖြင့် အခမဲ့ လာရောက်သင်ကြားပေးနေကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

စစ်တွေ