ယူနီကုတ်နှင့် ဇော်ဂျီဖောင့်နှစ်မျိုးလုံးသုံးနိုင်မည့် Zaw Decode ဖောင့်ကို စမ်းသပ်နေ

 

မြန်မာစာစံစနစ်ဖြစ်သည့် ယူနီကုတ်ကို ရာနှုန်းပြည့်tဆင်ပြေစွာ အသုံးပြုနိုင်ပြီး ဇော်ဂျီဖောင့်ကို ၉၀ ရာခိုင်နှုန်းခန့် အထိ အဆင်ပြေစွာ အသုံးပြုနိုင်သည့် Zaw Decode အမည်ရှိ ဖောင့်တစ်ခုကို မိုဘိုင်းဖုန်းတွင် စမ်းသပ် အသုံးပြုနေကြောင်း မြန်မာနိုင်ငံကွန် ပျူတာအသင်းချုပ်မှ သိရသည်။

‘‘Zaw Decode ဖောင့်က အဲဒီဖောင့်နှစ်ခုစလုံးမှာ အဆင်ပြေမှု ရှိ၊ မရှိသိနိုင်ဖို့အတွက် စမ်းသပ်အနေနဲ့ ထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ တရားဝင်ကြေညာ တာမျိုးတော့ မလုပ်ရသေးပါဘူး။ အခုက ယူနီကုတ်ကို ရာနှုန်းပြည့် မှန်အောင် ဖတ်နိုင်ပေမယ့် ဇော်ဂျီဖောင့်ကတော့ ၉၀ ရာခိုင်နှုန်းနီးပါးလောက်ပဲ မှန်နေသေးတဲ့ အတွက် တချို့က ဒါကို Error ရှိတယ်လို့ ထင်သွားနိုင်တာကြောင့် တရားဝင် မထုတ်ပြန်သေးတာပါ’’ ဟု မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ အတွင်းရေးမှူး ဦးထွန်းသူရသက်က ပြောသည်။

လက်ရှိတွင် Zaw Decode အမည်ရှိ ဖောင့်ကို ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းအားလုံး၌ အသုံးပြုနိုင်ရန် ထုတ်လုပ် ထားပြီး တရားဝင် ကြေညာမှုမရှိသေးသော်လည်း အသုံးပြုလိုသူများအတွက် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် ၏ ဝက်ဘ်ဆိုက်www.mcfmyan-mar.org တွင် တင်ပေးထားကြောင်း သိရသည်။

‘‘Zaw Decode ရဲ့ အားနည်းချက်က တချို့ တိုင်းရင်းသားစာတွေကျရင် သိပ်မမှန်တာ ဖြစ်တတ်ပါတယ်။ အဲဒါကို ပိုကောင်းအောင် လုပ်သွားဖို့ရှိသလို တစ်ဖက် ကလည်း ယူနီကုတ်နဲ့ ဇော်ဂျီနှစ်ခုစလုံးကို အဆင်ပြေအောင် ပြောင်းလဲအသုံးပြုနိုင်တဲ့ စနစ်တစ်ခုကိုလည်း ယာယီအသုံးပြုသွားဖို့ လုပ်နေတာတွေလည်း ရှိပါတယ်’’ ဟု ဦးထွန်းသူရသက်က ပြောသည်။

မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်သည် ပညာရေးဝန်ကြီးဌာနနှင့်ပူးပေါင်း၍ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနှင့် နည်းပညာ ထုတ်ကုန်များအားလုံးတွင် မြန်မာစာ စံစနစ်ဖြစ်သည့် ယူနီကုတ်တစ်ခုတည်းသာ ပြောင်းလဲအသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး နည်းပညာထုတ်ကုန် အသုံးပြုသူအများစုသည် ဇော်ဂျီဖောင့်ကိုသာ အများဆုံး အသုံးပြု နေ၍ ယူနီကုတ်နှင့် ဇော်ဂျီနှစ်ခုစလုံး အသုံးပြုနိုင်သည့်စနစ်များကို စမ်းသပ်ဆောင်ရွက်နေခြင်းဖြစ်သည်ဟု သိရသည်။

# 7 Day Daily


Leave a Reply