မသင်္ကာဖွယ်ရာ လူပုဂ္ဂိုလ်နှင့် ပစ္စည်းများတွေ့ရှိပါက ၂၄ နာရီ သတင်းပို့နိုင်ရန် ရန်ကုန်ရဲစခန်းဖုန်း နံပါတ်များ လူမှုကွန်ရက်ပေါ် ထုတ်ပြန်

မှုခင်းကျဆင်းရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရဲစခန်းများ၏ဖုန်းနံပါတ်များကို ပြည်သူ သိရှိစေရန် လူမှုကွန်ရက်တွင် ဖော်ပြပေးထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရိုင်လေးခရိုင်ရှိ မြို့နယ်ရဲစခန်းများ၏ဖုန်းနံပါတ်များကို ဖော်ပြပေးထား ပြီး ပြည်သူများအနေဖြင့် မှုခင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး သတင်းပေးရန်နှင့် မသင်္ကာဖွယ်ရာ လူပုဂ္ဂိုလ်၊ သက်မဲ့ပစ္စည်းများကို တွေ့ရှိပါကလည်း နီးစပ်ရာရဲစခန်းသို့ ၂၄ နာရီ အချိန်မီ ဆက်သွယ် နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ယခုကဲ့သို့လူမှုကွန်ရက် စာမျက်နှာတွင် ဇွန် (၂၇) ရက်က ဖော်ပြခဲ့ ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးလှဝေက ” အခုဆိုရင်ရဲတပ်ဖွဲ့အနေနဲ့ ပြည်သူကို ရှေးရှုတဲ့ရဲလုပ်ငန်းကို ဆောင်ရွက်နေပါတယ်။ ပြည်သူတွေနဲ့ ထိတွေ့တယ်။ နီးစပ်ရာ ရဲစခန်းတွေရဲ့ ဖုန်းနံပါတ်တွေကို ဒီလိုလူမှုကွန်ရက်မှာ ဖော်ပြပေးခြင်းအားဖြင့် ပြည်သူတွေအနေနဲ့ မှုခင်းဆိုင်ရာကိစ္စတွေမှာ အချိန်မီ ရဲစခန်းကိုသတင်းပေးနိုင်မှာပါ။ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင် နိုင်မှာပါ။ မသင်္ကာစရာအနေအထားတွေတွေ့ရင်လည်း ရဲတပ်ဖွဲ့ကို ကြိုတင်ဖုန်းဆက် သတင်းပေး နိုင်ခြင်းအားဖြင့် မှုခင်းကျဆင်းရေးလုပ်ငန်းတွေမှာ ထိထိရောက်ရောက် လုပ်ဆောင်လာနိုင်ပါလိမ့် မယ်။ ဒါ့အပြင် မြို့နယ်၊ ရပ်ကွက်တွေမှာ သက်ဆိုင်ရာမြို့နယ်ရဲစခန်းက နယ်ထိန်းတွေ၊ စခန်းမှူး၊ ရဲမှူး စတဲ့ ဖုန်းနံပါတ်တွေကိုလည်း ကတ်ပြားလေးတွေနဲ့ ပေးထားပါတယ်” ဟု ဇွန် (၂၈) ရက်က ဒီမိုကရေစီတူဒေးသို့ပြောသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသ ကြီးအပါအ၀င် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးရောင်း ၀ယ်သုံးစွဲမှုများ ပပျောက်ရေးအတွက်လည်း စီမံချက်များဖြင့် ဆောင်ရွက်နေ ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှသိရသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ အရေးပေါ် Hot Line ဖုန်းနံပါတ် ၀၁-၂၃၂၃၁၉၉ သို့လည်း ဆက်သွယ်နိုင်ပြီး ပြည်သူများအနေဖြင့် မှုခင်းဆိုင်ရာကိစ္စရပ်များ၊ အရေးပေါ်အခြေအနေများ၊ မသင်္ကာသော လူပုဂ္ဂိုလ်များကိုတွေ့ရှိပါက ၂၄ နာရီပတ်လုံး ယင်းဖုန်းနံပါတ်များသို့ ဆက်သွယ် အကြောင်းကြားနိုင်ကြောင်း မင်္ဂလာတောင်ညွန့်ရဲစခန်းမှ မြို့နယ်မှူး ရဲမှူးသိန်းအောင်ကပြောသည်။

‪‎Democracytoday


Leave a Reply