မတ်လ ၉ ရက်မှသာ သိခွင့်ရမယ့် Pantene Wild Card ပိုင်ရှင်

မြန်မာအိုင်ဒေါပြိုင်ပွဲမှ ထွက်ခွာခဲ့ရသည့် ပြိုင်ပွဲဝင်များအနက် တစ်ဦးသည် ပရိသတ်များ၏ မဲပေးမှု (Pantene Wild Card) ဖြင့် ရွေးချယ်ကာ ဆန်ခါတင်လေးဦး ပါဝင်သော ပြိုင်ပွဲ၌ ပြန်လည် ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

 

ဆန်ခါတင် ၁၀ ဦးအဆင့်တွင်ပြိုင်ပွဲမှ တစ်ပတ်လျှင်တစ်ဦး နှုတ်ဆက်ထွက်ခွာခဲ့ရသူ ခြောက်ဦးအနက် တစ်ဦးကို Myanmar Idol ၏ တရားဝင် ဖေ့စ်ဘွတ်ခ်လင့်ခ်မှတစ်ဆင့် ပရိသတ်များက မတ်လ ၃ ရက် ပြိုင်ပွဲပြီးချိန်မှ မတ်လ ၄ ရက် ညနေ ၆ နာရီအထိ မဲပေးနိုင်မည်ဖြစ်သည်။ မဲအရေအတွက် အများဆုံးရရှိသူကို မတ်လ ၉ ရက်တွင် ပြုလုပ်မည့် ဆန်ခါတင် လေးဦးယှဉ်ပြိုင်ပွဲ၌ ကြေညာမည်ဖြစ်သည်။

ဆန်ခါတင်စာရင်းမှထွက်ခွာခဲ့ရသည့် ပြိုင်ပွဲဝင်အချို့က မြန်မာအိုင်ဒေါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ချင်သောကြောင့်  Pan−tene Wild Card ရရှိရေး Vote ပေးရန်  ပရိသတ်များကိုဖေ့စ်ဘွတ်မှ အကူအညီတောင်းခဲ့ကြပြီး ပြီးခဲ့သည့် ပြိုင်ပွဲတွင်  မဲအနည်းဆုံးဖြင့် ထွက်ခွာခဲ့ရသည့် ရဲနောင်က  ၎င်း၏ဖေ့စ်ဘွတ်တွင် ပြိုင်ပွဲဝင်အမှတ် (၃) ဇင်ကြီး အား မဲပေးရန် ရေးသားထားသည်။

လက်ရှိအချိန်တွင်   မြန်မာအိုင်ဒေါပြိုင်ပွဲ၏ ဆန်ခါတင်လေးဦးအဆင့်အထိ ပါဝင်နေသူများမှာ သားငယ်၊ မိုင်းမိုင် ဆိုင်း၊ ပိုးမီ နှင့်   ဘီလီလမင်းအေး တို့ဖြစ်ပြီး မတ်လ ၉ ရက်ပြိုင်ပွဲ၌ Blue အမျိုးအစားသီချင်းများဖြင့် ပါဝင် ယှဉ် ပြိုင်မည်ဖြစ်သည်။

မြန်မာအိုင်ဒေါပြိုင်ပွဲ၏ ဆန်ခါတင် ၁၀ ဦး ယှဉ်ပြိုင်မှုကို ဇန်နဝါရီ ၂၆ ရက်ကစတင်၍ အပတ်စဉ် ပြုလုပ်ခဲ့ကာ ယှဉ်ပြိုင်မှုများအပေါ် ပရိသတ်များ၏ မဲအရေအတွက်ဖြင့် အဆင့်ဆင့် ရွေးချယ်ခဲ့သည်။ ပရိသတ်များ၏ မဲဖြင့် ရွေးချယ်ရာတွင် SMS အရေအတွက် အကန့်အသတ်မရှိ   ပေးပို့သည့်စနစ်ကို   ဝေဖန်ခဲ့ကြသလို  ပရိသတ်များ၏ မဲပေးရွေးချယ်မှုကြောင့် အရည်အချင်းရှိသည့်ပြိုင်ပွဲဝင်များ ထွက်ခွာရသည့်အပေါ် ဝေဖန်မှုများ ရှိခဲ့သည်။

မတ်လ ၄ ရက် ည ၇ နာရီအချိန်ခန့်က PANTENE Myan−mar အမည်ဖြင့် ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် Wild Card ကို မဲအရေအတွက် အများဆုံးဖြင့် ရဲနောင်ရရှိသွားကြောင်း ကြေညာခဲ့သော်လည်း ယင်းသတင်းမှာ မဟုတ် မှန်ကြောင်း   မြန်မာအိုင်ဒေါပြိုင်ပွဲမှ တာဝန်ရှိသူတစ်ဦးကပြောသည်။  # 7 Day Daily