ဘာလင်တွင် ပြုလုပ်မည့် အမျိုးသမီး စီးပွားရေးထိပ်သီး အစည်းအဝေးသို့ အီဗန်ကာထရန့် တက်ရောက်မည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ သမီးဖြစ်ပြီး သမ္မတအကြံပေးလည်းဖြစ်သည့် အီဗန်ကာထရန့်သည် စီးပွားရေး အင်အားကြီးနိုင်ငံ ၂၀ အုပ်စုက ထောက်ပံ့ပေးထားပြီး လာမည့်လတွင် ဘာလင်၌ ကျင်းပမည် ဖြစ်သော အမျိုးသမီးများ လုပ်ပိုင်ခွင့်ရေးရာ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်မည်ဟု သိရသည်။

ဒဗလျူ ၂၀ ထိပ်သီးဟု ခေါ်ဆိုကြသော ယင်းအစည်းအဝေးကို ယခုနှစ်တွင် ဂျာမနီ ဦးဆောင်သော ဂျီ ၂၀ ၏ လက်အောက်၌ ကျင်းပမည်ဖြစ်သည်။ ထို ဒဗလျူ ၂၀ ထိပ်သီးအစည်းအဝေးအတွင်း ဆွေးနွေးမည့် အကြောင်းအရာများထဲတွင် ကျားမ ညီတူမျှတူ လုပ်ခရရှိရေး၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အမှုဆောင် ရာထူးများတွင် အမျိုးသမီးဦးရေ အတော်အတန် နည်းပါးနေသေးခြင်း အစရှိသည့် အကြောင်းအရာများ ပါဝင်ကြမည်ဖြစ်သည်။

အီဗန်ကာထရန့်သည့် ယင်းထိပ်သီးအစည်း အဝေးကို ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်၏ ဖိတ်ကြား ချက်အရ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်ရီပက်ဘလီကင်သမ္မတ၏ အသက် ၃၅ နှစ်အရွယ် သမီး အီဗန်ကာထရန့်သည် ဖခင်ဖြစ်သူကို အကြံပေးရန်အတွက် ၀ါရှင်တန်သို့ မိသားစုလိုက် ရွှေ့ပြောင်းမလာခင်က ကိုယ်ပိုင်ကုမ္ပဏီကို ဦးစီး လုပ်ဆောင်နေသူဖြစ်သည်။ လက်ရှိတွင်မူ အီဗန်ကာထရန့်သည် အစိုးရ၀န်ထမ်း မဟုတ်သော်လည်း အိမ်ဖြူတော်တွင် ရုံးခန်းတစ်ခန်း ရရှိထားသည်။ အီဗန်ကာသာမက ၎င်း၏ခင်ပွန်း ဂျရက်ကတ်ရှ်နာ သည်လည်း ထရန့်၏ အကြံပေးဖြစ်နေသည်မှာ ကာလရှည်ကြာရှိပြီ ဖြစ်သည်။

မတ် ၂၇ ရက်ကပင် သမ္မတထရန့်နှင့် အီဗင်ကာထရန့်တို့သည် အိမ်ဖြူတော်တွင် အသေးစား စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများနှင့် အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့သေးသည်။

ဇန်န၀ါရီ ၂၀ ရက်က ထရန့်သမ္မတဖြစ်လာပြီးနောက်ပိုင်း အဆင့်မြင့် သံတမန်ရေးရာ ခရီးစဉ်များတွင် အီဗန်ကာထရန့်သည် သိသာထင်ရှားသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပါဝင်နေခဲ့သည်။

နောက်ဆုံးဖြစ်စဉ်တစ်ခုမှာ မတ် ၁၇ ရက်က အိမ်ဖြူတော်သို့ ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ် လာရောက်စဉ်က မာကယ်နှင့် ထရန့်တို့၏ အိမ်ဖြူတော် အစည်းအဝေးတစ်ခုတွင် အီဗန်ကာထရန့် ပါဝင်ခဲ့သည်။ # Eleven