ဘင်္ဂလားပင်လယ်အော်တွင် သုံးရက်အတွင်း မုန်တိုင်းငယ်ဖြစ်နိုင်

ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းသည် မုန်တိုင်းငယ်ဖြစ်လာနိုင်ပြီး မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း ဘက်သို့ ဦးတည်ရွေ့လျားလာနိုင်သော်လည်း ကမ်းခြေမရောက်မီ အားပျော့ပျက်ပြယ်နိုင်ကြောင်း ဒေါက်တာ ထွန်းလွင်က ခန့်မှန်းသည်။

ဇန်န၀ါရီ ၃ ရက်က စတင်ဖြစ်ပွားခဲ့သော လေဖိအားနည်းရပ်ဝန်းသည် ယနေ့ (ဇန်န၀ါရီ ၆ရက်) မှ ၈ ရက်အတွင်း မုန်တိုင်းငယ် ဖြစ်လာနိုင်ခြင်းဖြစ်ကြောင်း ဒေါက်တာထွန်းလွင်ကပြောသည်။

မုန်တိုင်းငယ်ဖြစ်ပြီးနောက် မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်းဒေသဘက်သို့ ဦးတည် ရွေ့လျားနိုင်သော်လည်း ကမ်းခြေ သို့မရောက်မီ ပင်လယ်ပြင်၌ အားပျော့သွားနိုင်ကြောင်း ရှင်းပြသည်။ မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်ကမ်းရိုးတန်း ဒေသများတွင် မိုးသက်လေပြင်း အနည်းငယ် တိုက်ခတ်နိုင်ကြောင်း သတိပေးထားသည်။

ယခုရက်ပိုင်းအတွင်း အချိန်အခါမဟုတ် မိုးဆက်လက်အားကောင်းနေပြီး ကချင်ပြည်နယ် မို့မောက်မြို့ ကျေးရွာ အချို့တွင် ဇန်န၀ါရီ ၅ ရက် နံနက်အစောပိုင်းက လေပြင်းကျကာ မိုးသီးများ ကြွေကျခဲ့ကြောင်း ဒေသခံများ ကပြောသည်။

ဇန်န၀ါရီ ၄ ရက် က မန္တလေးမြို့၊ မကွေးတိုင်းဒေသ ကြီးနှင့် ရှမ်းပြည်နယ်မှ မြို့ငါးမြို့ မိုးရေချိန် စံချိန်ကျိုးအောင် မိုးကောင်းခဲ့ပြီး ဇန်န၀ါရီ ၅ ရက်၌ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့တွင် မိုးရေချိန် ၅ လက်မကျော် ရွာသွန်းခဲ့ကာ စံချိန်ကျိုးခဲ့သည်။

လတ်တလောအခြေအနေတွင် မြန်မာနိုင်ငံဒေသအများစု၌ အချိန်အခါမဟုတ် မိုးများ ဆက်လက်ရွာသွန်းနိုင်သေး ပြီး တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သတိပေးထားသည်။

# 7 Day Daily