ဗင်နီဇွဲလားတွင် ရွေးကောက်ပွဲကျင်းပရန် အမေရိကန်အပါအ၀င် နိုင်ငံ ၁၄ ခုက တိုက်တွန်း

အမေရိကန်နိုင်ငံအပါအဝင် တောင်အမေရိကတိုက်နှင့်မြောက်အမေရိက ၁၄ နိုင်ငံက ဗင်နီဇွဲလား နိုင်ငံအား နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပြီး ဒီမိုကရေစီစနစ် ပြန်လည်တည်ဆောက်နိုင်ရေး အတွက် ရွေးကောက်ပွဲများကျင်းပပေးရန် တိုက်တွန်းလိုက်သည်ဟု မတ် ၂၄ ရက် သတင်းများအရ သိရှိရသည်။

ယင်းအား အာဂျင်တီးနား၊ ဘရာဇီး၊ ကနေဒါ၊ ချီလီ၊ ကိုလံဘီယာ၊ ကော်စတာရီကာ၊ အမေရိကန်၊ ဂွာတီ မာလာ၊ ဟွန်ဒူးရပ်စ်၊ မက်ကဆီကို၊ ပနားမား၊ ပါရာဂွေး၊ ပီရူးနှင့် ဥရုဂွေးနိုင်ငံများက စုပေါင်းလက်မှတ် ရေးထိုးတောင်းဆိုခဲ့ကြသည်ဟု မက်ကဆီကို နိုင်ငံခြားရေးရုံးက သတင်းထုတ်ပြန်လိုက်သည်။

ဗင်နီဇွဲလားနိုင်ငံ သမ္မတရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်သည်။ လက်တင် အမေရိကန်နိုင်ငံများအဖွဲ့က ဗင်နီဇွဲလားနိုင်ငံကို “အာဏာရှင်နိုင်ငံ” ဟူ၍ အတွင်းရေးမှူး လူးဝစ်စအယ်လ် မာဂရိုက စာမျက်နှာ ၇၅ မျက်နှာပါ အစီရင်ခံစာဖြင့် လွန်ခဲ့သောအပတ်က စွပ်စွဲဖော်ပြလိုက်ပြီး အထွထွေ ရွေးကောက်ပွဲ အမြန်ကျင်းပပေးရန် တောင်းဆိုလိုက်သည်။

ဗင်နီဇွဲလားသမ္မတ နီကိုလာ့စ်မာဒူရိုကလည်း အယ်လ်မာဂရိုသည် ဗင်နီဇွဲလားနိုင်ငံအပေါ် နိုင်ငံတကာက ဝင်ရောက်စွက်ဖက်ရန် ဖိတ်ခေါ်နေသူဟူ၍ ပြန်လည်ပြောဆိုခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံတွင်း အစားအစာနှင့် ဆေးဝါးများ လျော့နည်းကာ နိုင်ငံ၏ အဓိကထွက်ကုန် ရေနံသည်လည်း ကမ္ဘာ့ပေါက်ဈေးများ နိမ့်ကျနေ၍ ဈေးနည်းပါးစွာဖြင့် ရောင်းဝယ်နေရပြီး နိုင်ငံရေး၊ စီးပွားရေး ပြဿနာများ ကြုံတွေ့နေရသည်။

သမ္မတ မာဒူရိုက ဗင်နီဇွဲလား စီးပွားရေးကျဆင်းမှုသည် အမေရိကန်နိုင်ငံကြောင့်ဟု စွပ်စွဲထားသည်။ ဗင်နီဇွဲလားမှ အတိုက်အခံများကမူ ယခင်သမ္မတဟောင်း ဟူဂိုချာဗက်ဇ်၏ မအောင်မြင်သော ဆိုရှယ်လစ် စနစ်အား အပြစ်တင်ခဲ့ကြသည်။ မာဒူရိုသည် ၂၀၁၃ ခုနှစ်က သမ္မတအဖြစ် အာဏာရရှိလာခဲ့သူ ဖြစ်သည်။ Ref:AFP