ပဲခူးခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေး တိုင်းပါတီဥက္ကဋ္ဌနှင့် တိုင်းတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်တို့ တက်ရောက်

ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ဇူလိုင်လ (၂၁) ရက် နံနက် (၉) နာရီက ခရိုင်ပါတီကော်မတီဝင်များ မျက်နှာစုံညီအစည်းအဝေးနှင့် ပြန်လည် ရွေးချယ်ရေးအခမ်းအနား ကျင်းပပြုလုပ်ရာ သဘာပတိအဖြစ် ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဥာဏ်ဝင်း က ဆောင်ရွက်ပြီး အဖွဲ့ဝင်များအဖြစ် ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး တာဝန်ခံ ဦးမြတ်ဟိန်းနှင့် တိုင်းပါတီ အကြံပေး ဦးကြင်သိန်းတို့က ဆောင်ရွက်ကြသည်။

Bago District2 Bago District3

ရှေးဦးစွာ သဘာပတိအဖွဲ့ဝင်များ သတ်မှတ်နေရာတွင်နေရာယူကြပြီး သဘာပတိ တိုင်းပါတီဥက္ကဋ္ဌ ဦးဥာဏ်ဝင်းက ခရိုင်ကော်မတီဝင်များ ပြန်လည်ပြင်ဆင်ရွေးချယ်ရေးကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပဲခူးခရိုင် ပါတီ ကော်မတီ (ဟောင်း) ကိုးဦးက သဘာပတိအဖွဲ့ထံ နုတ်ထွက်လွှာ တင်သွင်းကြကာ သဘာပတိအဖွဲ့က ခရိုင်ကော်မတီဝင်ဟောင်းကိုးဦးအား နုတ်ထွက်ခွင့်ပြုကြောင်း ကြေညာသည်။

ယင်းနောက် ခရိုင်ပါတီကော်မတီဝင်(အသစ်) ကိုးဦးနှင့် အရန်ခရိုင်ပါတီ ကော်မတီဝင်(အသစ်) ကိုးဦးများ၏ အမည်စာရင်းကို တင်သွင်းရွေးချယ်ကြသည်။ အမည်စာရင်းအား စိစစ်ရွေးချယ်နေစဉ်အတွင်း အစုအဖွဲ့ငါးဖွဲ့က စာတမ်းများ တင်သွင်းဖတ်ကြားကြရာ အစုအဖွဲ့ (၁)မှ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးခေါင်းစဉ်ဖြင့် လည်း ကောင်း၊ အစုအဖွဲ့(၂)မှ ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အစုအဖွဲ့ (၃)မှ ဒီမိုကရေစီ ရှင်သန်ရင့်ကျက်ခိုင်မာရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အစုအဖွဲ့ (၄)မှ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို ပိုမိုခိုင်မာလာစေသော ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုထူထောင်ရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ အစုအဖွဲ့ (၅)မှ နိုင်ငံအချုပ်အခြာအာဏာ အဓွန့်ရှည်တည်တံ့ ခိုင်မြဲရေးခေါင်းစဉ်ဖြင့်လည်းကောင်း အစု အဖွဲ့ ကိုယ်စားလှယ်များက အသီးသီး တင်သွင်း ဖတ်ကြားကြသည်။

ဆက်လက်၍ သဘာပတိအဖွဲ့မှ ခရိုင်ပါတီကော်မတီဝင်အသစ် ကိုးဦးနှင့် အရန်ခရိုင်ပါတီကော်မတီဝင်အသစ် ကိုးဦး၏ အမည်စာရင်းကိုဖတ်ကြားပြီး ပဲခူးခရိုင်ပါတီဥက္ကဋ္ဌအဖြစ် ဦးအောင်စိုးအား လည်းကောင်း၊ အတွင်းရေးမှူး အဖြစ် ဦးလေးအောင်အားလည်းကောင်း၊ ဘဏ္ဍာရေးမှူးအဖြစ် ဦးအောင်ဇော်လင်း တို့ကိုလည်းကောင်း တက် ရောက်လာကြသည့် ပါတီကိုယ်စားလှယ်များက ဆန္ဒပြုရွေးချယ်ကြသဖြင့် အတည်ပြုကြေညာခဲ့သည်။

ထို့နောက် ခရိုင်ပါတီကော်မတီဝင်များနှင့် အရန်ကော်မတီဝင်များက သဘာပတိအဖွဲ့ဝင်များ၏ ရှေ့မှောက်တွင် ကတိသစ္စာ ခံယူကြပြီး ခရိုင်ပါတီကော်မတီ ဥက္ကဋ္ဌအသစ် ဦးအောင်စိုးက ကျေးဇူးတင်စကား ပြောကြားကာ သဘာပတိတိုင်း ပါတီဥက္ကဋ္ဌ ဦးဥာဏ်ဝင်းက နိဂုံးချုပ်အမှာ စကားပြောကြားပြီး အခမ်းအနားကို ကြွေးကြော် သံများဖြင့် ရုပ်သိမ်းခဲ့သည်။

ယင်းအခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးတာဝန်ခံ ဦးမြတ်ဟိန်း၊ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးဥာဏ်ဝင်း၊ ပဲခူးတိုင်းဒေသကြီးအရှေ့ ပါတီအတွင်းရေးမှူး ဦးစောမော်ထွန်းနှင့် တိုင်းကော်မတီဝင်များ၊ ပဲခူးခရိုင် အတွင်းရှိ ပဲခူး၊ ကဝ၊ သနပ်ပင်၊ ဝေါ၊ဒိုက်ဦး၊ ညောင်လေးပင်၊ ကျောက်တံခါး၊ ရွှေကျင်စသည့် မြို့နယ်ရှစ်မြို့နယ်မှ မြို့နယ်ကော်မတီဝင်များ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ စုစုပေါင်းအင်အား (၁၁ဝ) တက်ရောက် ခဲ့ကြသည်။

တင်စိုး(ပဲခူး) 


Leave a Reply