ပါတီရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး

ပည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ဒေါ်စန်းစန်းနွယ်၊ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ဦးထွေးလှ၊ ဦးဆလိုင်းခွဲယန်၊ ဦးလှထွန်းဦး၊ ဦးရဲထွဋ်အောင်၊ ဒေါ်ခင်ရွှေမြင့် တို့သည် ဇန်န၀ါရီ (၄) ရက်နေ့က ရခိုင်ပြည်နယ် သံတွဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပါတီကော်မတီဝင်များ၊ အရံကော်မတီဝင်များ၊ ရပ်/ကျေးပါတီခေါင်းဆောင်များ၊ ပါတီဝင်လူငယ်များ စုစုပေါင်း ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။

 

တွေ့ဆုံပွဲတွင် ဒေါက်တာစန်းစန်းနွယ်မှ ပါတီဌာနချုပ်မှ ရေးရာကဏ္ဍအသီးသီး၏ လုပ်ကိုင်ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ခရိုင်/မြို့နယ်ပါတီ အနေဖြင့် ရှေ့ဆက် လုပ်ကိုင်သွားရမည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ယခုကတည်းက အားဖြည့်လောင်းကာ အတူတကွ ကြိုးစားလုပ်ကိုင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပါတီဗဟိုကော်တီဝင်များမှ မိမိတာဝန်ယူဆောင်ရွက်ရ သည့် ရေးရာကဏ္ဍ အလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရှေ့ဆက်လုပ်ဆောင်သွားရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြား ရေးရာကဏ္ဍအသီးသီးတွင် တာဝန်ထမ်းဆောင်နေကြသော ကော်မတီဝင်များအနေဖြင့်လည်း မိမိတာဝန်ယူထားသော ရေးရာကဏ္ဍအသီးသီးတို့တွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွှေ့ တတ်အားသမျှ ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားခဲ့ကြသည်။

ဆက်လက်၍ သံတွဲမြို့နယ်ပါတီဥက္ကဋ္ဌ ဦးစန်းနိုင်၊ မြို့နယ်ကော်မတီဝင်၊ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်သန်းသန်းဌေး၊ မြို့နယ်ကော်မတီဝင်၊ လူငယ်ရေးရာ တာဝန်ခံ ဦးခင်မောင်သန်းတို့မှ မိမိပါတီ၏ ရေးရာကဏ္ဍအလိုက် လုပ်ဆောင်ထားရှိမှုအခြေအနေများ၊ လူမှုရေးကိစ္စများတွင် မိမိတို့ပါတီအနေဖြင့် ပါဝင်ကူညီဆောင်ရွက်ထာရှိမှု အခြေအနေများအား အစီရင်ခံတင်ပြခဲ့ပြီး တက်ရောက်လာကြသူ ပါတီဝင်များမှ သိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များမှ ပြန်လည်ဖြေကြားခဲ့သည်။

ယင်းနောက် ဒေါက်တာစန်းစန်းနွယ်မှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ဦးထွေးလှ ကျောင်းစိမ်းလုံချည်များနှင့် လျှပ်စစ်ဆိုလာပြားများ၊ ခြင်ထောင်များအား သံတွဲမြို့နယ်ပါတီသို့ လိုအပ်သည့် လူမှုကိစ္စများတွင် အသုံးပြုနိုင်ရေးအတွက် ပေးအပ်ခဲ့သည်။