ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်းတွင် ယနေ့မှစ၍ တစ်နေ့နှစ်ကြိမ် နိုင်ငံတော်သီချင်း ဖွင့်မည်

ထိုင်းနယ်စပ် မြ၀တီမြို့ ချစ်ကြည်ရေးတံတားမြန်မာဘက်ခြမ်းတွင် ယနေ့ (ဇူလိုင် ၂၂ ရက်) မှစ၍ အသံချဲ့စက် ဖြင့် နိုင်ငံတော်သီချင်း တစ်နေ့နှစ်ကြိမ်ဖွင့်မည်ဖြစ်ပြီး ဒေသခံပြည်သူများ ကြားရာနေရာမှ မတ်တတ်ရပ် ဂါရ၀ပြုရန် နှိုးဆော်ထားကြောင်း မြ၀တီခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။

နယ်စပ်ချစ်ကြည်ရေးတံတား မြန်မာဘက်ခြမ်းတွင် နံနက် (၉) နာရီ တစ်ကြိမ်၊ ညနေ (၃) နာရီတစ်ကြိမ် နိုင်ငံတော်သီချင်း ဖွင့်မည်ဖြစ်ပြီး ဌာနဆိုင်ရာ တာဝန်ရှိ သူများနှင့် မြို့မိမြို့ဖများ ဇူလိုင် (၂၀) ရက်က အစည်းအဝေး ပြုလုပ်ကာ ဆုံးဖြတ်အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း မြ၀တီခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ဦးလွင်ကိုဦးက ပြောသည်။

‘‘ကျွန်တော်တို့မြို့က နယ်စပ်မြို့ဖြစ်တဲ့အတွက် နိုင်ငံကိုယ်စားပြုအနေနဲ့ ကျွန်တော်တို့မြို့က လုပ်ဆိုပြီးတော့ တစ်မြို့နယ်လုံးမှာရှိတဲ့ ကျောင်းတွေအားလုံး ကိုယ့် နိုင်ငံတော်သီချင်းဖွင့်တဲ့အခါ အုပ်ချုပ်ရေးအဖွဲ့ကနေပြီးတော့ သက်ဆိုင်ရာ ရောက်တဲ့နေရာမှာ ရပ်ပြီးတော့အရိုအသေပြု၊ ဂါရ၀ပြုပါလို့။ ကျွန်တော်တို့က မနှစ် ကတည်းက စီမံပေမယ့် မနှစ်က အကောင်အထည်မဖော်နိုင်ခဲ့ဘူး။ ဒီနှစ်မှ အကောင်အထည်ဖော်တယ်။ ဖော်တဲ့အခါ ကျောင်း တွေတင်မဟုတ်ဘဲ အထင်ကရဖြစ်တဲ့ ချစ်ကြည်ရေးတံတားမှာ လုပ်ခွင့်ပြုပါလို့တင်ပြလို့ ကျွန်တော်တို့ ဆုံးဖြတ် ခဲ့တာ’’ ဟု ဦးလွင်ကိုဦးက ပြော သည်။

ထိုင်းနိုင်ငံဘက်ခြမ်း၌ ထိုင်းအစိုးရက ၎င်းတို့၏နိုင်ငံတော်သီချင်း နေ့စဉ်ဖွင့်ပြီး ထိုင်းရောက် မြန်မာနိုင်ငံသားများလည်း ရောက်ရာနေရာတွင် ရပ်၍ ဂါရ၀ပြုကြရသောကြောင့် မြ၀တီမြို့၌ ယခုကဲ့သို့ နိုင်ငံတော်သီချင်းဖွင့်မည့် အစီအစဉ်ကို ကြိုဆိုကြောင်း မြို့မိမြို့ဖ ဦးလှထွန်းက ပြောသည်။

‘‘ကျွန်တော်တို့က နယ်စပ်မြို့ဖြစ်ပြီးတော့မှ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့အညီပေါ့။ သူများနိုင်ငံမှာ နိုင်ငံတော် သီချင်း ဖွင့်ရင်တောင် ကျွန်တော်တို့နိုင်ငံသားတွေ အရိုအသေပြုရသေးတာပဲ။ မြို့ခံတွေအားလုံး ပူးပေါင်းဆောင်ရွက်သွား မှာပါ’’ ဟု ဦးလှထွန်းက ပြောသည်။

တာချီလိတ်နှင့် ကော့သောင်းမြို့အပါအ၀င် ထိုင်းနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသာ အခြားမြို့များတွင် ယင်းကဲ့သို့ လုပ်ဆောင် ခြင်းမရှိသေးကြောင်း သက်ဆိုင်ရာ မြို့နယ်ဒေသခံများထံမှ သတင်းရရှိသည်။

မြ၀တီမြို့တွင်လည်း ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က နိုင်ငံတော်သီချင်း နေ့စဉ်ဖွင့်သည့် အစီအစဉ်ပြုလုပ်ခဲ့ဖူးပြီး မအောင်မြင်ခဲ့ဘဲ ယခုတစ်ဖန် ပြန်လည် အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း မြို့ခံများကပြောကြားသည်။

7 Day Daily


Leave a Reply